




၂၇.၂.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) က ၁၄ ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ကန်တော့ပွဲ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ SKY STAR Hotel မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က တာဝန်ရှိသူတွေနဲ့ သက်ကြီးဂီတပညာရှင်ကြီးတွေနဲ့ ဂီတအနုပညာရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
“မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)က နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သက်ကြီးဂီတပညာရှင်တွေ ပူဇော်ကန်တော့ပွဲကို အစဉ်အလာမပျက် ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနေ့ပွဲကတော့ အသက်ကြီး ဂီတပညာရှင်ကြီးတွေဖြစ်တဲ့ အသက် ၇၅ နှစ်ပြည့်ပြီးတဲ့ ဂီတပညာရှင်ကြီးတွေကို ပူဇော်ကန်တော့တဲ့ ပွဲပါ။ သက်ကြီး ဂီတပညာရှင်ကြီးတွေက အားလုံးပေါင်း ၁၅၅ ဦးရှိတဲ့အနက်က အခမ်းအနားနေရာ အခြေအနေအရ နိုင်ငံမှာ တိုင်းသိပြည်သိတဲ့သူ ၃၂ ဦးကိုသာ အခုလိုမျိုး စင်မြင့်တက်မှာ ပူဇော်ကန်တော့တာဖြစ်ပြီး မနက်ဖြန်က စပြီး မလာနိုင်တဲ့ ဂီတပညာရှင်တွေကို အိမ်တိုင်ရာရောက် သွားရောက်ကန်တော့မှာ ဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်က ပြောပါတယ်။
အဲ့ဒီနောက် ကန်တော့ခံသက်ကြီးဂီတပညာရှင်တွေဖြစ်ကြတဲ့ ဦးခင်မောင်ကြီး၊ ဦးထွန်းရွှေ၊ မောင်မောင်လေး၊ ဦးလွင်မြင့်၊ စည်သူတင်တင်မြ၊ ရန်ကင်းဦးကိုကိုလေး၊ ရေနံ့သာဦးဝင်းမောင်၊ မြင့်မြင့်ခင်၊ သလ္လာဝတီ ဒေါ်လှလှရီ၊ ဦးတင်ဦးလေး၊ တယောဒေါ်တင်တင်ရီ၊ စောင်းဦးဝင်းမောင်၊ စန္ဒယားဦးတင်လှ၊ တေးသံရှင်ပဂ္ဂီဖေ၊ ဦးတင်သိန်း၊ တက္ကသိုလ်ဦးခင်မောင်ကြည်၊ ဝါးခယ်မ ဦးရဲမောင်၊ (ကျောက်ပန်းတောင်း) ဦးကျော်လွင်၊ ဦးသိန်းဝင်း၊ ကေတုဦးဝင်းထွဋ်၊ ဦးအေးသန်း၊ ဒေါ် အေးအေးသွယ်၊ ဒေါ်မိမိလေး၊ ဒေါ်ခင်ခင်၊ ဒေါ်ခင်ထွေးမော်၊ မှော်ဘီ ဦးတင်သန်းထွန်း၊ ဦးသန်းထွန်းလေး၊ ဒေါ်ချိုပြုံး၊ နွဲ့ယဉ်ဝင်း၊ ထား၊ ထရမ်းပက်တင်သိန်းစတဲ့ ဂီတပညာရှင်တွေကို ဆေးဝါး၊ ငွေကြေးတချို့နဲ့ ပူဇော်ကန်တော့ခဲ့ကြပါတယ်။
ဒါပြင် မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို) ရဲ့ ၁၄ ကြိမ်မြောက် သက်ကြီးဂီတပညာရှင်တွေကန်တော့ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အလှူငွေ လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကို ဂုဏ်ပြု မှတ်တမ်းလွှာတွေ ပေးအပ်ခဲ့ပါတယ်။