
၂၇.၂.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမှာ အတိုက်အခံ ပြည်သူ့ပါတီ(People’s Party) ဥက္ကဋ္ဌဖြစ်တဲ့ နတ်သာပွန် ရွန်ပန်ရာဝပ်က ထိုင်းအစိုးရ ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၁ အရ ပါလီမန်မှာ အယုံအကြည်မရှိကြောင်းအဆိုကို ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်က တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
နတ်သာပွန်က အတိုက်အခံပါတီအနေနဲ့ အယုံအကြည်မရှိ စကားစစ်ထိုးပြောကြားမှုမှာ ဝန်ကြီးဌာနအားလုံး ခြုံငုံပါဝင်မှာ ဖြစ်ပေမယ့် အဆိုအနေနဲ့ ဝန်ကြီးချုပ်တစ်ဦးတည်းကိုပဲ အလေးထားတာဖြစ်တယ်ဆိုတာ ပြောခဲ့ပါတယ်။ အဆိုရဲ့ အဓိက ရည်ရွယ်ချက်က ဝန်ကြီးချုပ်ပြုတ်ကျပြီးတဲ့နောက် ညွန့်ပေါင်းအစိုးရကို ထိထိရောက်ရောက် ကိုင်တွယ်စီမံနိုင်မှုရှိလာစေဖို့လို့ ဆိုပါတယ်။
ဒါ့ပြင် နတ်သာပွန်က “ကျွန်တော်တို့အနေနဲ့ လက်ရှိအစိုးရက တိုင်းပြည်ကို ကောင်းကောင်းအုပ်ချုပ်နိုင်မယ်လို့ မယုံနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဝန်ကြီးချုပ်က အရည်အသွေး၊ အသိဉာဏ်လည်းနည်းပြီး ပြည်သူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းမပေးနိုင်ဘူး။ သူက ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ တာဝန်ယူမပေးဘူး” လို့ ပြောခဲ့ပါသေးတယ်။
ဆက်လက်ပြီး နတ်သာပွန်က အာဆီယံနိုင်ငံတွေအကြားမှာ အမျိုးသားအသားတင်ထုတ်ကုန်တန်ဖိုး (ဂျီဒီပီ) တိုးတက်မှု အနိမ့်ဆုံးဖြစ်နေရတာကိုထောက်ပြပြီး အစိုးရရဲ့ စီးပွားရေးစွမ်းဆောင်နိုင်မှု ညံ့ဖျင်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ဝန်ကြီးတွေခန့်အပ်မှုက နိုင်ငံရေးဆိုင်ရာတောင်းဆိုမှုတွေအရ ဖြစ်နေတာကို ရှုတ်ချခဲ့ပြီး ဝန်ကြီးချုပ်အနေနဲ့ အုပ်ချုပ်ရေးမှာ ခေါင်းဆောင်မှုအားနည်းတယ်လို့လည်း ပြောခဲ့ပါတယ်။
နတ်သာပွန်က အလေးထားပြောကြားသွားတဲ့ကိစ္စတစ်ရပ်က ဝန်ကြီးချုပ် ပေတုံတန်အနေနဲ့ ဖခင်ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို အစိုးရလုပ်ငန်းရေးရာတွေမှာ ပါဝင်ပတ်သက်ပြီး ဩဇာလွှမ်းမိုးမှုရယူတာကို ခွင့်ပြုသဘောတူခဲ့တာပဲလို့ ဆိုခဲ့ပြန်ပါတယ်။ ဒါက ဝန်ကြီးချုပ်အပေါ်ကနေ အာဏာရယူခွင့်ပြုထားပြီး အတိုက်အခံတွေက ဝန်ကြီးချုပ်ပေတုံတန်ကို ဆိုးရွားစွာ အလုပ်တာဝန်ချွတ်ယွင်းမှုအဖြစ် မြင်တယ်လို့လည်း ပြောခဲ့ပါတယ်။
ဒါ့ပြင် နတ်သာပွန်က အဂတိလိုက်စားမှုကိစ္စတွေကိုလည်း ပြောခဲ့ပြန်ပါသေးတယ်။ သူက အယုံအကြည်မရှိ စကားစစ်ထိုးပွဲကြရင် အစိုးရ စီမံအုပ်ချုပ်ပုံမှားယွင်းမှုတွေကို ဖော်ထုတ်ပြပြီးညွန့်ပေါင်းအစိုးရရဲ့ တည်ငြိမ်မှုကိုစမ်းသပ်သွားမယ်ဆိုခဲ့ပါတယ်။
အယုံအကြည်မရှိ စကားစစ်ထိုးပွဲကို ပါလီမန်မှာ မတ်လ ၂၄ ရက်မှာ ပြုလုပ်သွားမယ်ဆိုပါတယ်။
Ref- Nation Thailand