
၂၇.၂.၂၀၂၅.
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံနယ်စပ်အနီးမှာ အားကောင်းတဲ့ ခေတ်မီရေဒါတစ်ခု ချထားလာတာက အိန္ဒိယနိုင်ငံရဲ့ ဒုံးပျံပစ်လွှတ်မှုလမ်းကြောင်းတွေကို သိနိုင်တဲ့အပြင် အိန္ဒိယသမုဒ္ဒရာအတွင်း နေရာအတော်များများကိုထိန်းချုပ်ထားနိုင်မှာဖြစ်လို့ အိန္ဒိယနိုင်ငံအတွက် လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ရပ်အနေနဲ့ စိုးရိမ်စိတ်တွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
ဒီရေဒါက အိန္ဒိယသမုဒ္ဒရာအတွင်းအပါအဝင် ကီလိုမီတာ ၅,၀၀၀ အတွင်း ကောင်းစွာထိန်းချုပ်စောင့်ကြည့်နိုင်မှာဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အတွင်း မြန်မာနိုင်ငံနဲ့နယ်စပ်အနီးမှာ ချထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါက အိန္ဒိယနိုင်ငံရဲ့ ဒုံးပျံစနစ်နဲ့ အမျိုးသားလုံခြုံရေးကိုပါ သိသိသာသာ ထိပါးနှောင့်ယှက်မှုပြုတာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံဘက်က စိုးရိမ်လာတာပါ။ ဒီခေတ်မီရေဒါစနစ်က တရုတ်နိုင်ငံအနေနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း ကျယ်ပြန့်တဲ့နယ်မြေတွေကို ထောက်လှမ်းနိုင်ရုံမက အိန္ဒိယနိုင်ငံတွင်းအထိပါ ရေဒါထောက်လှမ်းနိုင်မယ်လို့ ဆိုပါတယ်။
India Today TV သတင်းဌာနကတော့ ဒီရေဒါစနစ်က တရုတ်နိုင်ငံရဲ့ ထောက်လှမ်းရေးသတင်းရယူနိုင်မှုစွမ်းရည် လျင်မြန်စွာတိုးတက်လာတာ အထူးသဖြင့် အိန္ဒိယနိုင်ငံရဲ့ တိုက်ချင်းပစ်ဒုံးကျည်စနစ်နဲ့ဆက်စပ်လို့ လျင်မြန်စွာတိုးတက်လာတာပြသတာပဲလို့ ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံကချထားတဲ့ LPAR ရေဒါစနစ်က ကြိုတင်သတိပေးမှုနဲ့ ထောက်လှမ်းမှုတို့အတွက် ပုံစံထုတ်ထားတာဖြစ်ပြီး တိုက်ချင်းပစ်ဒုံးကျည်တွေ ပစ်လွှတ်တဲ့အချိန်အတိအကျ၊ သူတို့ရဲ့ စွမ်းအားနဲ့လမ်းကြောင်းတို့ကို သိရှိထောက်လှမ်းနိုင်မှာပါ။ ဒါ့ပြင် ဒုံးပျံတွေရဲ့ အဝေးဆုံးရောက်ရှိနိုင်တဲ့ အကွာအဝေးကိုလည်းသိနိုင်ပြီး အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ Dr APJ Abdul Kalam ကျွန်းလို အဓိကနေရာတွေက ဒုံးပျံပစ်လွှတ် စမ်းသပ်မှုတွေကို ထိရောက်စွာ ထောက်လှမ်းမှုပြုနိုင်မှာပါ။
အဲဒီနေရာတွေက အိန္ဒိယနိုင်ငံရဲ့ Agni-5 နဲ့ K-4 တို့လို ခေတ်မီတိုက်ချင်းပစ်ဒုံးပျံတွေ အဓိကပစ်လွှတ်ရာနေရာလည်း ဖြစ်ပါတယ်။ ဒုံးပျံတွေရဲ့ လမ်းကြောင်း၊ အမြန်နှုန်းနဲ့ အကွာအဝေးဆိုင်ရာ အချက်အလက်တွေကနေ တရုတ်နိုင်ငံအနေနဲ့ မဟာဗျူဟာမြောက်အကျိုးကျေးဇူးတွေ ရနိုင်ပြီး အိန္ဒိယနိုင်ငံရဲ့ တိုးတက်နေတဲ့ ဒုံးကျည်လက်နက်ကို လေ့လာအကဲဖြတ်နိုင်မယ့်အပြင် တန်ပြန်ဆောင်ရွက်မှုတွေလည်း တိုးတက်ဆောင်ရွက်နိုင်မှာပါ။
တရုတ်ရဲ့ ရေဒါစခန်းတွေက လက်ရှိမှာ ကော်လာမြို့နဲ့ ရှင်ကျင့်မြို့တို့မှာ တည်ရှိပြီးဖြစ်ပါတယ်။ ဒီစခန်းတွေက အိန္ဒိယနိုင်ငံမြောက်ပိုင်းကို ထောက် လှမ်းမှုပြုနေတာပါ။ ယူနန်ပြည်နယ်ရေဒါစခန်းပါ လည်ပတ်ရင်တော့ အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေကိုပါ ထောက်လှမ်းနိုင်မှာဖြစ်လို့ ထောက်လှမ်းနိုင်မယ့်နယ်မြေ ပိုလို့ကျယ်ပြန့်လာမှာပါ။
Ref- India Today