
ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများက နောက်တစ်ပတ်တွင် ကန့်ကွက်လွှာ တင်မည်ဟု ဆို
၂၇.၂.၂၀၂၅
Written By Zun
အမွေဆိုင်တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)၏ လေလံကြမ်းခင်းဈေးကို ကျပ်၂၉၇ ဘီလျံမှ ကျပ် ဘီလျံ ၂၇၀ သို့ လျှော့ချ၍ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် ရုံးချိန်းတွင် ဦးအောင်ဆန်းဦးဘက်က တင်ပြထားခဲ့ကြောင်း သိရသည်။
ယင်းသို့ တင်ပြချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ကန့်ကွက်ကြပြီး လာမည့်တစ်ပတ် ကြာသပတေးနေ့ ရုံးချိန်းတွင် ကမာရွတ်ခရိုင်တရားရုံး၌ ကန့်ကွက်လွှာ တင်ပြကြမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ရုံးချိန်းမှာ ကြမ်းခင်းဈေးပြင်လိုက်တယ်။ ၂၇၀ လျှော့ချလိုက်တယ်။ ဒါပေမဲ့ တစ်ဖက်က ကန့်ကွက်တယ်။ လာမယ့် တစ်ပတ် ကြာသပတေးနေ့မှာ ကန့်ကွက်လွှာတင်မယ်လို့ ပြောတယ်။ လျှောက်လဲချက်ပေးရင်လည်း ပေးရမယ်။ ပြီးတော့မှ ထုံးစံအတိုင်း ဈေးနှုန်းတစ်ခု အတည်ပြန်ပြုပြီးမှ လေလံထပ်လုပ်ရမှာပေါ့”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
အဆိုပါ အမွေဆိုင်ခြံ၏ ကြမ်းခင်းဈေးကို ကျပ်ဘီလျံ ၃၀၀ မှ ၂၉၇ ဘီလျံသို့ လျှော့ချရန် တရားရုံးက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက် ရုံးချိန်းတွင် ချမှတ်ခဲ့သောကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်က ပြုလုပ်သည့် တတိယအကြိမ်လေလံတွင် ကျပ် ၂၉၇ ဘီလျံဖြင့်လေလံပြုလုပ်ခဲ့ကြောင်း၊ လေလံမအောင်သည့်အတွက် တရားရုံးသို့ ဖေဖော်ဝါရီ ၁၈ ရက်တွင် တင်ပြခဲ့ကာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် ရုံးချိန်းတွင် ဈေးနှုန်းပြန်ပြင်ရန် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)၏ လေလံကို မအောင်မချင်း လေလံပြုလုပ်နိုင်ကြောင်း MT News က ဖော်ပြခဲ့ပြီးဖြစ်သည်။



ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ခြံအမှတ် (၅၄) ၏ လေလံဈေးနှုန်းကို ယခင်သတ်မှတ်ထားသည့် ကျပ်ငွေ ၃၁၅ ဘီလျံဖြင့် ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက် ပထမအကြိမ်လေလံမအောင်မြင်မှုကြောင့် ကျပ်ဘီလျံ ၃၀၀ ဟု လျှော့ချပြောင်းလဲခဲ့ကာ သြဂုတ်လ ၁၅ ရက်က ဒုတိယအကြိမ် လေလံတင်ခဲ့ရာတွင်လည်း ဝယ်ယူမည့်သူမရှိခဲ့ပေ။
အဆိုပါ ဒုတိယအကြိမ်လေလံပြီးနောက် ကြမ်းခင်းဈေး ကျပ်ဘီလျံ ၃၀၀ ကို ကျပ်ဘီလျံ၂၉၀ သို့ လျှော့ချရန် ဦးအောင်ဆန်းဦးဘက်က ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်က တရားရုံး၌ တင်ပြခဲ့ရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လ ၁၈ ရက်ရုံးချိန်းတွင် ၃ ဘီလျံလျှော့ချ၍ ကျပ် ၂၉၇ ဘီလျံဟုသတ်မှတ်ကြောင်း တရားရုံးက အမိန့်ချခဲ့သည်။ ထိုသို့ ကျပ် ၂၉၇ ဘီလျံဖြင့် လေလံပစ်သော်လည်း မအောင်မြင်သဖြင့် ကျပ် ၂၇၀ ဘီလျံဖြင့် လျှော့ချလေလံပစ်ရန် ဦးအောင်ဆန်းဦးဘက်က ကြိုးပမ်းလာခြင်းဖြစ်သည်။
အဆိုပါ အမွေဆိုင်ခြံကို အများစုက ခြံအမှတ် (၅၄) ဟု ခေါ်သော်လည်း ခြံအမှတ်မှာ (၅၄/၅၆) ဖြစ်ပြီး ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းကာ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်သောခြံဖြစ်ကြောင်း ၊၂၀၂၂ ခုနှစ်တွင် ဦးအောင်ဆန်းဦးကရောင်းချအမွေခွဲရန် အထူးအယူခံတက်၍ တောင်းဆိုခဲ့စဉ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ခြံအမှတ် (၅၄) ၏ ဧရိယာအကျယ်အဝန်းမှာ ၁ ဒသမ ၉၂၃ ဧက (စတုရန်းပေ (၈၃၇၆၅ ဒသမ ၈၈) ပေ အကျယ်အဝန်းရှိကြောင်းလည်း သိရသည်။