၁၇. ၁. ၂၀၂၃
Written by Thettant
မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးရေကန်အတွင်းမှ အသက် ၂၇ နှစ်ခန့်ရှိ အမျိုးသားအလောင်းတစ်ခု ယနေ့နံနက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးဝင်ပေါက်နှင့် ပန်ကန်လုံးကျွန်းကြား တံတားဘေး ကန်တော်ကြီးရေကန်ထဲတွင် အလောင်းပေါ်လာကြောင်း တောင်ညွန့်ကွန်ရက်မှ ဆက်သွယ်ချိတ်ဆက်လာသဖြင့် ရေကန်ထဲမှ အလောင်းအား ကန်တော်ကြီးဝင်ပေါက်နားအထိ လှေဖြင့်ဆွဲယူလာပြီး သက်ဆိုင်ရာပူးပေါင်း မှတ်တမ်းရယူကာ DB အိတ်ဖြင့် ထည့်သွင်း၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပြီး အလောင်းအား စနစ်တကျအပ်နှံကာ PR.053 ထွက်သည့်အထိ ကူညီခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းမှ သိရသည်။
“မနက် ၇ နာရီလောက်မှာ လမ်းလျှောက်လာတဲ့သူတွေက စ မြင်တာ။ ရေညှိတွေအလယ်မှာ ခေါင်းလေးပဲ ပေါ်လာပြီး မထင်ရှားတေ့ာ အလောင်းမှန်းမသိကြဘူး။ မြင်သူတိုင်းက ဆံပင်တုလို့ထင်ကြတာ။ ဒါပေမဲ့ ညှီစို့စို့ အနံ့တွေကြောင့် အလောင်းမှန်းသိတော့မှ ပရဟိတအသင်းတွေခေါ်ကြပြီး အလောင်းပို့ကြတာ။ မနက် ၁၀ နာရီလောက်မှ သယ်သွားကြတာ”ဟု မျက်မြင်တွေ့သူတစ်ဦးက ဆိုသည်။