မြန်မာ့အလံ ကိုင်ဆောင်ခွင့်ရဖို့ တစ်စိုက်မတ်မတ်တောင်းဆိုနေတဲ့ အကြောက်တရားမဲ့ Joshua Van ကို အလံယူခွင့်ပြုလိုက်ရတဲ့ UFC

၂၇. ၂.၂၀၂၅
Written by Tha Doe
နိုင်ငံရေးပဋိပက္ခနဲ့ ကိုယ်မကြိုက်တဲ့အစိုးရကို အကြောင်းပြုပြီး မြန်မာဆိုတာနဲ့ နိုင်ငံ့အလံတောင် ဂုဏ်ယူစွာ ဆင်ယင်မပြချင် သိမ်ဖျင်းလှတဲ့ အားကစားသမားတချို့နဲ့ ခြားနားစွာပဲ အမေရိကန်ရောက် ဂျိုရှုအာဗန်ဆိုတဲ့ အသက် ၂၃ နှစ်ပြည့်စ ကစားသမားတစ်ယောက်က ကမ္ဘာကျော် UFC လို ထိပ်တန်းအဖွဲ့ကြီးကို မြန်မာ့အလံ ယူဆောင်ကိုင်တွယ်ခွင့်ရဖို့ တစ်စိုက်မတ်မတ်တောင်းဆိုနေမှုအပေါ် UFC က ခွင့်ပြုပေးလိုက်ပြီဖြစ်လို့ လာမယ့် မတ်လ ၈ ရက် ထိုးသတ်ပွဲမှာ ကမ္ဘာ့နံပါတ် (၁) UFC အဋ္ဌဂံကြိုးဝိုင်း ထိုးသတ်ပွဲအလယ် မြန်မာ့အလံကို ထည်ဝါစွာမြင်ရတော့မှာပါ။
Joshua The Fearless Van လို့ UFC က အမည်ပေးခံထားရတဲ့ အကြောက်တရားကင်းမဲ့သူ ဟားခါးဇာတိ ချင်းလေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က အမေရိကန်နိုင်ငံသားဖြစ်ပြီး UFC Flyweight တန်းက Ranking 14 ဝင် ကိုဒီဒါဒန်ကို သုံးချီစလုံးအသာယူ ထိုးသတ်ပြပြီး အနိုင်ယူနိုင်ခဲ့လို့ UFC Flyweight တန်းရဲ့ အဆင့် ၁၅ နေရာကို တက်လှမ်းလာနိုင်ခဲ့သလို UFC ကလည်း Ranking ဝင် ဖိုက်တာကို ဂုဏ်ပြုဖို့ သူတောင်းဆိုနေတဲ့ မြန်မာ့အလံကို ကြိုးဝိုင်းဆီ ဒီနေ့မှာ သယ်ယူခွင့်ပြုလိုက်တာလည်း ဖြစ်ပြီး ဒါကိုလည်း Van က ” Myanmar flag will be represented inside the UFC octagon March 8 #UFC313 ” လို့ ဒီနေ့ အသိပေးခဲ့ပါတယ်။
UFC ရဲ့ Ranking ထဲက ဖိုက်တာတွေကို အနိုင်ရလည်း Ranking ဝင်ချင်မှဝင်တဲ့ UFC မှာ ဗန်လို မြန်မာ့အလံသယ်ခွင့်ပေးဖို့ပဲ စိုက်လိုက်မတ်တပ် တောင်းဆိုနေတဲ့ ဗန့်ကို နိုင်ငံရေးမုန်းတီးမှုအရ Ranking မပေးလောက်ဘူးတွက်ဆပြီး UFC Ranking ပေးတဲ့နေ့ကို မြန်မာ့အားကစားချစ်သူတွေက ရင်မ စောင့်ကြည့်ခဲ့ရပေမဲ့ Van ကို Ranking ပေးတဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့ကတော့ မြန်မာပရိသတ်တွေအဖို့ အပူတွေ လွင့်စင် ပျော်ပြနိုင်ခဲ့ကြရသေးတာပါ။





ကစားသမားပေါင်း ၉၀၀ ကျော်ရှိတဲ့ UFC ဟာ ကမ္ဘာ့တိုက်ခိုက်ရေးလောကထဲမှာ အမြင့်ဆုံးဆိုရမှာဖြစ်ပြီး ဒီလိုမျိုး ကမ္ဘာ့ထိပ်တန်းနေရာမျိုးမှာ၊ UFC မှာ Ranking ဝင်ပြီး ကမ္ဘာ့အဆင့်နေရာယူနိုင်တာကလည်း One Championship မှာ အောင်လအန်ဆန်နဲ့ Thai Fight မှာ ဘရော်နီကာပြီးရင် တတိယမြောက်လို့ ဆိုရမှာဖြစ်ပေမဲ့ လူငယ်မျိုးဆက်သစ်ထဲမှာတော့ အကြောက်တရားကင်းမဲ့တဲ့ကောင်လေး ဗန်က ကမ္ဘာ့အမြင့်ဆုံး ကိုယ်ခံပညာပြိုင်ပွဲမှာတော့ ပထမဆုံးအဖြစ် အမြင့်ဆုံးအဆင့် တက်လှမ်းပြခဲ့တာပါ။
မြန်မာဖိုက်တာတွေထဲ လတ်တလော အအောင်မြင်ဆုံးဖြစ်တဲ့ သံမဏိစိုးလင်းဦးဟာ တစ်ဆင့်နိမ့် One Championship မှာ ဒေါ်လာ တစ်သိန်းတန်စာချုပ်ရထားပေမဲ့ Ranking မဝင်သလို တစ်ပွဲထိုးသတ်ကြေးကလည်း ပျမ်းမျှဒေါ်လာ ၂၀၀၀၀ ပဲ ရတာပါ။ ဒါ့အပြင်လည်း စိုးလင်းဦးက တစ်သိန်းတန်စာချုပ်မှာ နှစ်ပွဲဆက်တိုက် ရှုံးနေပြန်ပါသေးတယ်။ ဒါပေမဲ့ ဗန်ကတော့ သူနောက်ဆုံးထိုးခဲ့တဲ့ အဂ္ဂါချိုင်ရက်ဇ်နဲ့ပွဲမှာ ထိုးသတ်ကြေးက ဒေါ်လာ ၅၀၀၀၀ နဲ့ အနိုင်ကြေး၊ တခြားခံစားခွင့်တွေပေါင်းမယ်ဆို ဒေါ်လာ ၁၅၅၀၀၀ လောက် ခံစားခွင့်ရမယ်လို့ Sportysalaries က ဖော်ပြခဲ့ပါတယ်။ Short Notice နဲ့ ဝင်ထိုးတာတောင် ဒီလောက်ရတယ်ဆို UFC Ranking 14 ကိုဒီဒါဒန်နဲ့ ထိုးတဲ့ပွဲက ဘယ်လောက်ရမယ် သတင်းထွက်မလာသေးပေမဲ့ ပိုရမှာသေချာသလို ဒီအချက်အလက်တွေနဲ့ UFC မှာ Ranking ဝင်သွားမှုက ဗန့်ကို ဝင်ငွေအရရော အောင်မြင်မှုမှာပါ မြန်မာကစားသမား ဘယ်သူမှ မယှဥ်နိုင်ဘူးဆိုတာ မြင်သာစေခဲ့ပါတယ်။
အကြောက်တရားကင်းမဲ့တဲ့ ချင်းကလေး ဗန်က အရပ်ကလည်း ၅ ပေ ၅ လက်မသာရှိပြီး လက်တံအရှည် Reached ကလည်း ၆၅ လက်မသာရှိလို့ အနောက်နိုင်ငံစံနှုန်းအရ လူပုလေးပါ။ ဒီလို လူပုလေးက သူ့ထက်လူကောင်သာတဲ့ မျက်နှာဖြူတွေကို လက်သီးချက်တွေနဲ့ ဆုံးမရင်း ၆ ပွဲထိုးအပြီးမှာတင် UFC ဖလိုင်းဝိတ်တန်း အဆင့် ၁၅ ရောက်လာတာပါ။
ကမ္ဘာကျော်ဖိုက်တာတွေထက်တောင် ထိုးချက်ထိချက် ပိုမြန်လို့ ထိုးချက်အကောင်းဆုံးဖိုက်တာ အဆင့် (၁)ဖြစ်ခဲ့တဲ့ ဗန်က Fury FC ရဲ့ ဖလိုင်းဝိတ်တန်းချန်ပီယံလည်းဖြစ်ခဲ့သလို အခုဆိုလည်း Hall of Fame အဖြစ် ဂုဏ်ပြုခံထားရပါသေးတယ်။ ဗန်ဟာ UFC မှာတော့ ၆ ပွဲထိုး ၅ ပွဲပဲ နိုင်ထားပေမဲ့ ပရော်ဖက်ရှင်နယ်မှတ်တမ်းမှာ ၁၂ ပွဲအနိုင် ၂ ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။ ဒီအထဲမှာ သူက ကိုဒီဒါဒန်ကို အနိုင်ယူအပြီးမှာ UFC Flyweight တန်းက Ranking 5 to 10 ဖိုက်တာတွေကို စိန်ခေါ်လိုက်သေးတာပါ။




ဒါ့ပေမဲ့ Van ကို ဘရာဇီးလ်သား M1 Middle Weight ချန်ပီယံနဲ့ပဲ ထပ်မံ ပွဲတည်ပေးခဲ့ပေမဲ့ ပွဲပျက်သွားတာကြောင့် Road To UFC ကနေ တက်လှမ်းလာတဲ့ ဂျပန်ဖိုက်တာ စူရူယာနဲ့ ပွဲတည်ပေးခဲ့လို့ လာမယ် မတ်လ ၈ ရက်မှာ (မြန်မာ စံတော်ချိန် မတ်လ ၈ ရက် ည ၁၁ နာရီဝန်းကျင်စတင်မည်) Van ဟာ စူရူယာနဲ့ UFC – 313 ပွဲကို Las Vegas က T – Mobile Arena ကွင်းမှာ ဆင်နွှဲတော့မှာဖြစ်ပါတယ်။ စူရူယာဟာ Van ထက် အရပ် ၁ လက်မသာပြီး လက်တံအရှည် သုံးလက်မသာသလို ကြေးစားမှတ်တမ်းမှာ ဆယ်ပွဲထိုး ရှုံးပွဲမရှိစံချိန် ယူထားနိုင်တဲ့ အလားအလာကောင်းသူဖြစ်လို့ Ranking ထဲက ပြိုင်ဘက်မဟုတ်ပေမဲ့ Van အတွက် ခက်ခဲနိုင်တဲ့ ပြိုင်ဘက်ပါ။ ဒါပေမဲ့ Tapology ကတော့ Van အနိုင်ရနိုင်ခြေက ၈၂ ရာခိိုင်နှုန်းလို့ သတ်မှတ်ပြီး စူရူယာကတော့ ၁၂ ရာခိုင်နှုန်းပဲရှိလို့ Van အရေးနိမ့်နိုင်ခြေက ဆယ်ရေးတစ်ရေး ကိုးရေး တစ်ရာပဲ ရှိမှာပါ။
Van ကို မြန်မာလူမျိုးတွေ ထာဝရ အမှတ်ရနေမယ့် ပုံရိပ်တစ်ခုလည်းရှိခဲ့ဖူးပြီး အဲဒါကတော့ UFC ဟာ မြန်မာ့အလံကို ယူခွင့်မပြုတာကြောင့် ဗန်က သူ့သွားဖုံးအကာကို မြန်မာ့အလံဒီဇိုင်းချိုးပြီး UFC နဲ့ ဒါနာဝှိုက်ကို နောက်ပွဲမှာ မြန်မာ့အလံ ယူဆောင်ခြုံခွင့်ပေးဖို့ မြန်မာ့အလံသွားဖုံးအကာလေးပြပြီး ကိုဒီဒါဒန်ကို အနိုင်ယူခဲ့အပြီးမှာ တောင်းဆိုခဲ့တာဖြစ်ပြီး အခုတော့ အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။
မြန်မာ့အလံတောင် လွှမ်းခြုံ အောင်ပွဲခံဖို့ တွန့်ဆုတ်နေတဲ့ အားကစားသမားတွေအများအပြားကြား လက်ရှိအအောင်မြင်ဆုံး Joshua Van ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် အခုလာမယ့် မတ်လ ၈ ရက်မှာ မြန်မာ့အလံကို UFC အဋ္ဌဂံကွင်းအလယ် ခမ်းနားစွာမြင်ရတော့မှာဖြစ်လို့ ဒီခမ်းနားမှုကိုသာ Van ရဲ့ အနိုင်နဲ့ ထပ်ပေါင်းလိုက်ရင် အချိုပေါ် သကာဆင့်သလို…. ။