
MT News
၂၇.၂. ၂၀၂၅
အကြမ်းဖက်ဖျက်ဆီးသူများက မြန်မာ့မီးရထားလမ်းကွန်ရက်အတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် ဘူတာအဆောက်အဦ၊ ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း စုစုပေါင်း အကြိမ် ၂၇၀ ကျူးလွန်ခဲ့ကြပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်ကလည်း ရန်ကုန်-မန္တလေး ရထား လမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ် ဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၀၇/၁၀-၉ နေရာရှိ အစုန်ရထားလမ်းပေါ်တွင် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားလမ်း ထိခိုက်ပျက်စီးခဲ့ပြီး ကျောက်တံခါးနှင့် ပိန်းဇလုပ် ရထားလမ်းပိုင်းအား နံနက် ၉ နာရီတွင် ယာယီ ပိတ်ထားခဲ့ရကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မိုင်းခွဲခံရမှုကြောင့် အစုန်လမ်းရှိ အရှေ့ဘက်သံလမ်း (၂)ပေခန့်နှင့် (၁၀)ပေအကွာတွင် အနောက်ဘက်သံလမ်း (၂) ပေခန့် (၂)နေရာပြတ်တောက်၍ ကွန်ကရစ်ဇလီဖား ၁၀ တုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

မြန်မာ့မီးရထား ဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအားအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေး ဆောင်ရွက်ခဲ့ပြီး အစုန်လမ်း၏ ပြတ်တောက်သွားသော သံလမ်း(၂)ချောင်းအား လဲလှယ်ခြင်း၊ လမ်းပြုပြင်ခြင်းများကို နေ့လည် ၁၁ နာရီ ၂၀ မိနစ်အချိန် စတင်ဆောင်ရွက်ခဲ့ရာ နေ့လည် ၃ နာရီ ၃၀ မိနစ်အချိန်တွင် အစုန်ရထားလမ်းပိုင်းအားပြန်လည်ဖွင့်လှစ်၍ ရထားများပုံမှန်အတိုင်း ပြေးဆွဲ ပေးလျက်ရှိသည်။
မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် အမှတ်(၉၀၂-A) အစုန်ကုန်ရထားသည် ပဲနွယ်ကုန်းဘူတာသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင်လည်းကောင်း၊ အမှတ်(၉၀၂-B)အစုန်ကုန်ရထားသည် ကညွတ်ကွင်းဘူတာသို့ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အမှတ်(၉၂၃-B)အဆန်ကုန်ရထားသည် ပြွန်တန်ဆာဘူတာသို့ နံနက် ၇ နာရီ ၅ မိနစ်ခန့်တွင် လည်းကောင်း၊ အမှတ်(၉၁၃) အဆန် ကုန်ရထားသည် ပြွန်တန်ဆာဘူတာသို့ နံနက် ၇ နာရီ ၃၅ မိနစ်ခန့်တွင် လည်းကောင်း၊ အမှတ်(၉၁၄) အစုန်ကုန်ရထားသည် ဇေယျာဝတီဘူတာသို့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် လည်းကောင်း၊ အမှတ်(၁၁)အဆန်လူစီးရထားသည် ညောင်လေးပင်ဘူတာသို့ နံနက် ၈ နာရီ ၄၉ မိနစ် ခန့်တွင်လည်းကောင်း၊ အမှတ်(၁)အဆန်စာပို့ရထားသည် ပဲခူးဘူတာသို့ နံနက် ၁၀ နာရီခွဲခန့် တွင်လည်းကောင်း အသီးသီးရောက်ရှိ ရပ်တန့်ထားခဲ့ရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု (၈၀)ကြိမ်၊ ရထားတံတား/သံလမ်းများအားမိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှု (၁၇၄)ကြိမ်နှင့် ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၆)ကြိမ် ကျူးလွန်ခဲ့ကြသည်ဟု SAC အစိုးရ၏ သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။