PDF များက ဆက်ကြေးကောက်၊ လုယက်၊ အမျိုးသမီးများကို ကာမဖျက်ဆီးကြ၍ စိတ်ပျက်သဖြင့် အလင်းဝင်ခဲ့ဟု ထွက်ဆို

၂၇. ၂. ၂၀၂၅
Written by Nay Moe
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်မတော်စခန်းသို့ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင်ကလေးခရိုင်၊ PDF တပ်ရင်း(၉)မှ တပ်စိတ်မှူး အဆင့်ရှိသူ ဖိုးသင်္ကြန်(ခ) တန်ခူး(ဘ)ဦးချစ်ဖေ သည် ၎င်းကိုင်ဆောင်သည့် Type-81 သေနတ် ၁ လက်၊ ၎င်းကျည် ၁၂၅ တောင့်၊ ကျည်အိမ် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်လာကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူအား စစ်ဆေးမေးမြန်းချက်အရ ၎င်းသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်မှ မတ်လ ၂၁ ရက်အထိ မော်လိုက်မြို့နယ်၊ အုတ်ဖိုကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၃၅၀ ခန့် အကွာနေရာရှိ ကလေးခရိုင်၊ PDF တပ်ရင်း (၉) စခန်းဟောင်း၌ အကြမ်းဖက်သင်တန်းအား တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် အဆိုပါစခန်းဟောင်း၌ လူနေတဲများဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေးမြောင်းများတူးဖော်ခြင်းနှင့် အထွေထွေတာဝန်များထမ်းဆောင်ခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလခန့်တွင် ဒုတပ်စိတ်မှူးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရကြောင်း၊ ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ၎င်းအပါအဝင် အဖွဲ့ဝင် ၃ ဦးသည် ကလေးဝမြို့နယ်၊ ကျွဲနန်ကျေးရွာ၏တောင်ဘက်ရှိ တောင်ယာတဲတွင် နေထိုင်လျက်ရှိသော PDF အင်အား ၃၀ ဦးခန့်ရှိ အဖွဲ့ထံ သွားရောက်ပူးပေါင်း နေထိုင်ခဲ့ရပြီး ချင်းတွင်းမြစ်အတွင်း၌ တပ်မတော်ရေယာဉ်များ ဖြတ်သန်းသွားလာခြင်း ရှိ/မရှိအား စောင့်ကြည့်ခြင်းများ လုပ်ဆောင်ခဲ့ရ ကြောင်း၊ ထိုမှတစ်ဆင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်တွင် ခေါမကျေးရွာ၏ အနောက်မြောက်ဘက်ရှိ PDF အင်အား ၅၀ ဦးခန့် နေထိုင်သည့် စခန်းသို့ လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် PDF အင်အား ၂၀ ဦးခန့်နေထိုင်သည့် ကလေးဝ-အောင်ချမ်းသာ ကားလမ်းဘေး၊ ထန်းတပင်ကာကင်းစခန်းသို့ လည်းကောင်း အဆင့်ဆင့်ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း၊ ၎င်းအနေဖြင့် PDF အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိစဉ် PDF အဖွဲ့များမှ ပြည်သူလူထု အပေါ် အနိုင်ကျင့် ဆက်ကြေးကောက်ခံနေမှု၊ လက်နက်အားကိုးဖြင့်အနိုင်ကျင့်မှု၊ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်နေမှုတို့အား သိမြင်လာခဲ့ပြီး အဆိုပါလုပ်ရပ်များအား မနှစ်သက်ခြင်း၊ ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံ ခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်/ခဲယမ်းများ နှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်ကတော့ ကလေးခရိုင် PDF တပ်ရင်း (၉)က လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ဒကစ(ကလေး) ကို အလင်းဝင်တဲ့ ဖိုးသင်္ကြန်ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဇာတိကတော့ ကလေးဝမြို့နယ်၊ ဇီးဆောက်ရွာဖြစ်ပါတယ်။ ရွာမှာ တောင်သူလုပ်ကိုင်နေစဉ် တပ်မတော်က နိုင်ငံတော်ကို အာဏာထိန်းလိုက်တာကို မကျေနပ်၍ လက်နက်ကိုင်တော်လှန်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ PDF ထဲမှာ ကျွန်တော့်ရဲ့လက်ရှိရာထူးက တပ်စိပ်မှူးရာထူးအဆင့်အထိ နှစ်နစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ PDF ထဲမှာ နေခဲ့တဲ့ကာလတစ်လျှောက်လုံး ကင်းတွေထွက်ရတယ်။ ကာကင်းတွေထွက်ရတယ်။ အဲ့ဒါတွေတော့ လုပ်ခဲ့ရပါတယ်။ ရွာထဲတွေဝင် ဆက်ကြေးဝင် ကောက်ခံတာတို့ စားသောက်ဖွယ်ရာများ ရှာဖွေတွေ့လျှင် ယူတာတွေ၊ လုတာတွေတော့ ရှိခဲ့ပါတယ်။ PDF ခေါင်းဆောင်တွေကတော့ ဆက်ကြေးငွေမပေးတဲ့သူတွေကို သူတို့ဘယ်လိုလုပ်တယ်ဆိုတာ တချို့ကိစ္စတွေမှာ ကျွန်တော်တို့ မသိတဲ့အရာတွေတော့ရှိတယ် ခင်ဗျ။ သူတို့ဘာသာပြီးသွားတဲ့ကိစ္စမျိုးတွေတော့ လုပ်ခဲ့တာတွေရှိတယ်။ ဖမ်းပြီးတော့ နှိပ်စက်တာမျိုးတွေ ရှိခဲ့ပါတယ်ခင်ဗျ။ သူတို့က တစ်ဆင့်နဲ့တစ်ဆင့် ကြီးနိုင်ငယ်ညှင်းလုပ်နေတာတွေကများပြီး သူတို့ပြောတာတခြား၊ လုပ်တာ တခြား ဒါမျိုးတွေတော့ရှိပါတယ်။ တခြားဖြစ်စဉ်ဖြစ်တဲ့ ကာမအိန္ဒြေ ဖျက်စီးတာတွေရှိခဲ့တယ်။ အဲ့ဒါမျိုးတွေလည်း ရှိခဲ့ပါတယ်ဗျ။ တချို့အမျိုးသမီးတွေဆိုရင် သူတို့ဘာသာသူတို့ တပ်ထဲကနေ ထွက်ပြေးသွားတာတွေရှိတယ်။ အဆုံးစီရင်သွားတာမျိုးတွေရှိတယ်။ အဲ့ဒီလိုမျိုးဖြစ်စဉ်မျိုးတွေ မကြာခဏတော့ ဖြစ်ပါတယ်ခင်ဗျ။ PDF ထဲမှာတော့ စောစောကသူတို့ပြောခဲ့တာကတစ်မျိုး လုပ်နေတာက တစ်မျိုးတွေ။ ပြီးရင် ကျွန်တော်တို့ကိုယ်တိုင်ကလည်း လုပ်နေတာက တစ်မျိုးတွေဆိုတော့ သူတို့ရဲ့ လုပ်ရပ်နဲ့ အပြောနဲ့ ဘယ်လိုမှကိုမကိုက်ညီတဲ့အတွက် ဒီဥပဒေဘောင်နဲ့ တပ်မတော်ဘက်ကို လာပြီးတော့ အလင်းဝင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်အလင်းမဝင်ခင်ကတော့ စဉ်းစားပါသေးတယ်။ အလင်းဝင်လျှင် တပ်မတော်က ဘယ်လိုတွေဖြစ်မလဲ။ ကျွန်တော်ရဲ့အသက်အာမခံကရော ရှိပါ့မ လား။ ဘာလား။ ညာလားတော့ ကျွန်တော်တွေးပါသေးတယ်။ နောက်ပိုင်းတော့ ဘယ်လိုပဲနေနေ ဟိုထဲမှာနေရတာထက်စာလျှင် ဒီဘက်မှာနေရတာကမှ ကောင်းမယ်ဆိုတဲ့ အတွေးတစ်ခုကော၊ ပြီးရင် ဒီဘက်မှာက ဘယ်လိုပဲနေနေ ဘာပဲဖြစ်ဖြစ်ဘယ်လိုအန္တရာယ်ပဲဖြစ်ဖြစ်ဆိုပြီးတော့ ကျွန်တော် အလင်းဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့အတွေးနဲ့ ဒီမှာရောက်တော့ ကြိုဆိုတဲ့ပုံစံက လုံးဝတခြား စီဖြစ်ပါတယ်။ ဒီမှာနွေးနွေးထွေးထွေးကျွန်တော့်ကိုကြိုပါတယ်။ တပ်ကလည်းနွေးနွေးထွေးထွေး ကြိုတယ်။ ကောင်းကောင်းမွန်မွန်လည်း ထားပါတယ်” ဟု အလင်းဝင်လာသူ ကလေးခရိုင် တပ်ရင်း (၉) မှ PDF တပ်စိတ်မှူး ဖိုးသင်္ကြန်(ခ) တန်ခူးက ပြောသည်။