




၂၆.၂.၂၀၂၅
Written By Thandar
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိသူတွေနဲ့ အဖက်ဖက်က ကူညီပံ့ပိုးပေးသူတွေကို ဂုဏ်ပြုညစာစားပွဲအခမ်းအနား ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ Myawady Media Centre မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
“ခုလို အကယ်ဒမီပေးပွဲမှာ အားလုံးက ညီညီညွတ်ညွတ် ပျော်ပျော်ပါးပါး တက်ရောက်လာလို့ တကယ်ကို ပီတိဖြစ်ရပါတယ်။ အကယ်ဒမီပေးပွဲမှာ ကိုယ့်မြန်မာရိုးရာယဉ်ကျေးမှုဝတ်စုံတွေနဲ့ တက်ရောက်လာသလို ကျွန်တော်တို့ဆီက ကျောက်သံပတ္တမြားတွေ ဝတ်ဆင်လာကြတယ်။ အရမ်းကို ပီတိဖြစ်ရတယ်။ နောက်ဆုပေးပွဲမှာ သဇင်ပန်းတွေပန်ပြီး တက်ရောက်လာတာလည်း အင်မတန်မှကို ကျက်သရေရှိပါတယ်။ သဇင်ပန်းနဲ့ ရုပ်ရှင်ထူးချွန်ဆုနဲ့ ခွဲမရအောင် လှပါတယ်။ မြန်မာ့သံယံဇာတကိုလည်း ထုတ်ဖော်နိုင်ခဲ့တယ်။ မြန်မာ့ယဉ်ကျေးမှုလည်း ထုတ်ဖော်နိုင်ခဲ့တယ်။ မြန်မာရဲ့ အလှအပကိုလည်း ထုတ်ဖော်နိုင်လို့ ကျွန်တော်ကိုယ်တိုင်လည်း ခွန်အားတွေဖြစ်ရပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။
အဆိုပါ အခမ်းအနားကို အကယ်ဒမီပူပူနွေးနွေးရရှိထားတဲ့ အနုပညာရှင်တွေနဲ့ အနုပညာရှင် ဦးကြည်စိုး၊ ဦးနှင်းမိုး၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ မေသန်းနု၊ ချိုပြုံး၊ နေတိုး၊ အေးချမ်းမောင်၊ ဝတ်မှုံရွှေရည်၊ ခြူးလေး၊ ဓီရာမိုရ်၊ ဝင်းလွင်ထက်၊ မိတ်ကပ်မလုံ၊ ကောင်းဇံ၊ အေးသီရိကို စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
အဲ့ဒိနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက မုဒိတာစကားပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးတို့က အကယ်ဒမီမှာအဖက်ဖက်က ပါဝင်ကူညီပေးကြသူတွေကို ဂုဏ်ပြုလက်ဆောင်တွေ ပေးအပ်ခဲ့ကြပါတယ်။
အကယ်ဒမီဆုရှင်တွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဂုဏ်ပြုဆုအနေနဲ့ ကျပ် ၂ သိန်းဆီ၊ မင်္ဂလာဦးဇော်မင်းက ကျပ် ၁ သိန်းဆီ၊ ဧဝရက်အပ်ချုပ်ဆိုင်က ဂုဏ်ပြုဝတ်စုံ စသလို ထပ်မံဆုတွေပေးအပ်ခဲ့ကြပါတယ်။ အကယ်ဒမီ နေတိုးက ဂုဏ်ပြုဆုချီးမြှင့်ပေးတဲ့အပေါ် ကျေးဇူးတင်စကားကို အားလုံးကိုယ်စား ပြောပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ ညပိုင်းက နေပြည်တော် MICC1 ကျောက်စိမ်းခန်းမမှာ ကျင်းပတဲ့ ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကြီးမှာ အကယ်ဒမီပေါင်း ၁၆ ဆုကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။