
၂၆.၂.၂၀၂၅
Translated by Htwe Ko Tun
တရုတ်တိုင်ဝမ်ရဲ့ ပထမဆုံး ပြည်တွင်းဖြစ်ရေငုပ်သင်္ဘောဖြစ်တဲ့ Hai Kun ကို ဧပြီလအတွင်း ပင်လယ်ပြင်ရေချ စမ်းသပ်မှုပြုဖို့ဆောင်ရွက်နေတယ်လို့ တရုတ်တိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက မိမိနိုင်ငံမှာသာတည်ဆောက်တဲ့ ရေငုပ်သင်္ဘောကို ရေချစမ်းသပ်မယ့်အစီအစဉ်ကိုလည်း ဆောင်ရွက်နေပြီး ဒီအတွက် နောက်ကျနေပြီလို့ ပြောနေကြတဲ့ သတင်းတွေကိုလည်း မမှန်ကန်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
တရုတ်တိုင်ဝမ် ပထမဆုံးပြည်တွင်းဖြစ်ရေငုပ်သင်္ဘော Hai Kun ကို ဧပြီလအတွင်း ရေချစမ်းသပ်ဖို့ မူလထဲက စီစဉ်ထားတာပါ။ ဒါကလည်း တရုတ်ပြည်မကြီးက စစ်ရေးဖိအားတွေပေးလာချိန်မှာ တရုတ်တိုင်ဝမ်ရဲ့ ပင်လယ်ရေအောက် တိုက်ခိုက်ရေးစွမ်းဆောင်နိုင်ရည်ကို မြှင့်တင်ပေးမယ့် ခြေလှမ်းတစ်ရပ်အဖြစ် မှတ်ယူရမှာပါ။

စမ်းသပ်မှု အစောပိုင်းအဆင့်တွေမှာ နှောင့်နှေးခဲ့ရတာကြောင့် စိုးရိမ်မှုတွေရှိနေကြတာကို ဖေဖော်ဝါရီ ၂၅ ရက်မှာရှင်းလင်းငြင်းဆိုပြီး Hai Kun ဒါမှမဟုတ် Narwhal အမည်ရှိရေငုပ်သင်္ဘောကို ဧပြီလမှာ ရေချစမ်းသပ်ဖို့ အတည်ပြုခဲ့တာပါပဲ။
ရေငုပ်သင်္ဘောရဲ့ပါဝါဗို့အား၊ ဘတ္ထရီတပ်ဆင်မှု၊ အီလက်ထရွန်နစ် ပတ်လည်ကြည့်မှန်ပြောင်းတပ်ဆင်မှု စတာတွေအပါအဝင် ရေငုပ်သင်္ဘောမှာ အားနည်းချွတ်ယွင်းချက်တွေရှိနေလို့ မှန်းထားသလို ဧပြီလမှာ ရေချစမ်းသပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့သတင်းတွေက လုံးဝမှားတယ်လို့ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆန်လိဖန်က ပြောခဲ့ပါတယ်။
သူက အစောပိုင်းစမ်းသပ်မှုတွေမှာ အစားထိုးလဲလှယ်ဖို့ လိုအပ်တာတွေကိုလည်း ဆောင်ရွက်ပြီးစီးပြီဖြစ်လို့ ပင်လယ်ရေပြင်ရေချစမ်းသပ်မှုကို သတ်မှတ်ရက်အတိုင်း ဧပြီလမှာ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့တာပါ။
ပင်လယ်ပြင်ရေချစမ်းသပ်မှုအဆင့်မှာတော့ တော်ပီဒိုများ၊ လက်နက်များပစ်ခတ်ခြင်း၊အသံလှိုင်းဆိုနာ ကိရိယာဖြင့် ရန်သူကိုရှာဖွေထောက်လှမ်းမှုနဲ့ တိုက်ခိုက်ရေးအတွက် အဆင့်သင့်ဖြစ်မှုအပေါ် အကဲဖြတ်မှုတွေကို စမ်းသပ်ကြမှာပါ။ ဒါ့ပြင် ရေငုပ်ခြင်းနဲ့ ရေမျက်နှာပြင်ပေါ်စစ်ကစားလှုပ်ရှားမှု၊ ရေကြောင်းသွားလာရေးဆိုင်ရာဆောင်ရွက်မှု၊ ထိန်းချုပ်စနစ်ရဲ့ ယုံကြည်စိတ်ချရမှုနဲ့ အရေးပေါ်ကာလတုံ့ပြန်ဆောင်ရွက်မှုတွေကိုပါ စမ်းသပ်သွားမယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
Hai Kun ရေငုပ်သင်္ဘောကို တိုင်ဝမ်ဒေါ်လာ ၂၆ ဘီလျံ(အမေရိကန်ဒေါ်လာ ၇၉၂ ဒသမ ၆ သန်း) အကုန်အကျခံတည်ဆောက်ခဲ့တာဖြစ်ပြီး အမေရိကန်ရေတပ်မှ တိုက်ခိုက်ရေးစနစ်နဲ့ အမေရိကန်လုပ် MK-48 တော်ပီဒိုတွေ တပ်ဆင်ထားပါတယ်။ဒီဇယ်စွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောဖြစ်တယ်လို့လည်း သိရပါတယ်။
Ref- SCMP