
၂၆. ၂ .၂၀၂၅
Written by Hey Mar
လေဖြတ်နေတဲ့ အမျိုးသားကြီးတစ်ဦး နေအိမ်မှာ တစ်ဦးတည်းရှိနေစဉ် ခန္ဓာကိုယ် မတော်တဆမီးလောင်ရာက ဆေးရုံတက်ရောက်ကုသခဲ့ရပြီး ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက်အစောပိုင်းမှာတော့ ရရှိထားတဲ့ဒဏ်ရာအရှိန်နဲ့ပဲ ဆေးရုံပေါ်မှာ သေဆုံးခဲ့တယ်လို့ အဆိုပါ ဝေဒနာသည်ကို လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသူတချို့ထံကနေ သိရပါတယ်။

အဆိုပါ လေဖြတ်ဝေဒနာသည်မှာ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ သီရိမြိုင် ဇေတဝန်ကျောင်းလမ်းမှာနေထိုင်သူ ဦးဇော်သန်းဆိုသူဖြစ်ပြီး ဆယ်တန်းတက်နေတဲ့ သားဖြစ်သူနဲ့ နှစ်ဦးတည်း နေထိုင်သူလို့ သိရပါတယ်။ မီးလောင်မှုဖြစ်စဉ်က ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး သူ့ကို အကူအညီပေးသူတွေထဲကမှ အနီးကပ်ရှိနေခဲ့သူ မဇင်မာအောင်ဆိုသူက သူအလုပ်လုပ်တဲ့ ဆိုင်နဲ့ လေဖြတ်ဝေဒနာသည်ရဲ့ အိမ်က မျက်နှာချင်းဆိုင်ဖြစ်နေတာကြောင့် သူ့ရဲ့ နေ့စဉ် အခြေအနေတချို့ကိုလည်း မျက်မှန်းတန်းမိနေခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ် ဖြစ်တဲ့နေ့က အော်သံလို ကြားမိတာကြောင့် သူတို့ဆိုင်မှ ဝန်ထမ်းတချို့နဲ့အတူ သွားရောက်ကြည့်ရှု့စဉ် မီးစွဲလောင်နေတာကိုသာတွေ့ရှိရပြီး ဆိုးဆိုးရွားရွား လောင်ကျွမ်းခဲ့တာကြောင့် အင်းစိန်ဆေးရုံဆီ အရေးပေါ်တင်ပို့ ကုသပေးခဲ့တာလို့သိရပါတယ် ။

ဦးဇော်သန်းကို ဆေးရုံတင်ပို့ကုသတဲ့ အတော အတွင်းလည်း ပရဟိတစိတ်ရှိသူတွေက အလှူငွေ ဝိုင်းဝန်းလှူဒါန်း ပေးခဲ့ကြပြီး ဆေးရုံတက်ရတဲ့ ခြောက်ရက်မြောက်နေ့ မနက်အစောပိုင်းမှာတော့ ရရှိထားတဲ့ ဝေဒနာတွေနဲ့ပဲ ဦးဇော်သန်း ကွယ်လွန်သွားခဲ့တာပါ။