
၂၆.၂.၂၀၂၅
Written by Hey Mar
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရဲ့ ကျူးကျော်ရပ်ကွက်တစ်ခုဖြစ်တဲ့ အုန်းတောမြိုင်ရပ်ကွက်အတွင်းမှာ ပလုံကောက်အသက်မွေးပြီးနေထိုင်တဲ့ မိသားစုရဲ့ အသက်ဆယ်နှစ်အောက် ကလေးငယ်သုံးဦးဟာ ဖခင်ကောက်လာတဲ့ ကြက်ကြော်ကို စားမိရာက အစာအဆိပ်သင့်မှု ပြင်းထန်စွာဖြစ်ပွားပြီး တောင်ငူဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေရတယ်လို့ အဆိုပါဖြစ်စဉ်အခြေအနေကိုသွားရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ Save The Trees Rescue Team မှ တာဝန်ရှိသူက ပြောပါတယ်။


မနေ့က ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညသန်းခေါင်အချိန်မှာ အုန်းတောမြိုင် ကျူးရပ်ကွက်ထဲက ကလေးသုံးဦး ဝမ်းလျှော အော့အန် ဝေဒနာခံစားနေရပြီး အသက်ရှစ်နှစ်အရွယ်တစ်ဦး၊ ခြောက်နှစ်အရွယ်နဲ့ တစ်နှစ်ခွဲအရွယ်ကလေးငယ်တစ်ဦးလည်း ပါဝင်တယ်ဆိုတာကြောင့် Save The Trees Rescue Team က သွားရောက်ကာ ဓာတ်ဆားရည်နဲ့ လိုအပ်တဲ့ဆေးဝါးတွေ စီစဉ်ပေးပြီး မနက်မိုးလင်းအထိ မသက်သာပါက ဆေးရုံတင်ပို့ကုသပေးဖို့ စီစဉ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီနေ့ ၂၆ ရက်နေ့ မနက် ၈နာရီဝန်းကျင်အထိ အော့အန်တာနဲ့ ဝမ်းလျှောတာ မရပ်တဲ့အတွက် တောင်ငူဆေးရုံကြီးဆီ တင်ပို့ကုသ ပေးခဲ့တယ်လို့ သိရပါတယ်။
Save The Trees Rescue Team မှ တာဝန်ရှိသူက” အဲ့ဒီ အုန်းတောမြိုင်က ကျူးရပ်ကွက်ပေါ့ဗျာ။ ပလုံကောက်သူတွေ၊ တောင်းရမ်းသူတွေ နေတယ်။ ဖြစ်ပုံက ပလုံကောက်တဲ့ အဖေက ဟိုတယ်တစ်ခုရဲ့ စွန့်ပစ်အမှိုက်ပုံးထဲကနေ ကြက်ကင်တွေရလာတယ်။ အဲဒါကို အိမ်ရောက်တော့ သူ့ကလေးတွေကို ပြန်နွှေးပြီး ကျွေးလိုက်တာမှာ ကလေးတွေက အစာအဆိပ်သင့်တာ။ ဆေးဝယ်ဖို့ ပိုက်ဆံလည်း မရှိ၊ ဆေးရုံပြဖို့လည်း မရှိတာနဲ့ ကျွန်တော်တို့ဆီ ချိတ်ဆက်အကူအညီတောင်းလာလို့ ညက ဆေးတွေ ဝါးတွေနဲ့ အသင်းက သွားကူပေးတယ်။ မနိုင်ရင် ဆေးရုံတင်မယ်ပေါ့။ မနက်က ဆေးရုံတင်ပေးလိုက်တာ။ အခု အအန်တော့ ရပ်သွားပြီး၊ ဝမ်းကတော့ သွားနေတုန်း” လို့ MT News ကို ပြောပါတယ်။
တောင်ငူဆေးရုံကြီးဆီရောက်လာပေမယ့် ဆေးကုသဖိုငွေကြေးမပါ၊ ထမင်းစားဖို့တောင် ငွေကြေးမတတ်နိုင်ဘဲ၊ ကလေးတွေ ဆေးရုံတက်ရောက်စဉ် သုံးဖို့အတွက် စောင်နဲ့ ခေါင်းဦးကိုတောင် ဘေးကလူနာဆီက ငှားထားရသူတွေမို့ ကလေးသုံးယောက်လုံးအတွက် ဆေးကုသစရိတ်၊ စားစရိတ် အားလုံးကိုလည်း အသင်းက ကူညီလှူဒါန်းပေးထားတယ်လို့လည်း သိရပါတယ်။