
၂၆.၂.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံသမ္မတ ပရာဗိုဝို ဆူဘီယန်တိုက နှစ်နိုင်ငံအကျိုးတူဆက်ဆံရေးနဲ့ ဒေသတွင်းလုံခြုံရေး အကြောင်းအရာတွေနဲ့ ဆက်စပ်နေတဲ့ မဟာဗျူဟာမြောက်ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရုရှားနိုင်ငံ လုံခြုံ ရေးကောင်စီ အတွင်းရေးမှူးဖြစ်တဲ့ ဆာဂျတီ ရှိုဂူကို ဖေဖော်ဝါရီလ ၂၅ ရက်က ဂျာကာတာမြို့မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားသမ္မတရုံးက သတင်းထုတ်ပြန်ချက်တစ်ခုမှာတော့ ရုရှားလုံခြုံရေးအကြီးအကဲရဲ့ ဒီခရီးစဉ်မှာ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံတွေအဖြစ်တည်ရှိမှု အထူးသဖြင့် လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေ အားကောင်းခိုင်မာစေရေးအတွက် နှစ်ဖက်စလုံးက ထပ်မံအတည်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ ဒါက အနာဂတ်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် ပိုမိုကျယ်ပြန့်တဲ့ အခွင့်အလမ်းတွေကို လမ်းဖွင့်ပေးလိုက်တာလို့ ဆိုရမှာပါ။
ဒါ့ပြင် သတင်းထုတ်ပြန်ချက်က ဒေသတည်ငြိမ်ရေးနဲ့အပြန်အလှန်အကျိုးရှိစေတဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးခြင်းအားဖြင့် နှစ်နိုင်ငံအကြား အနီးကပ်ဆက်ဆံရေးဟာလည်း အခုအခါ ပိုမိုခိုင်မာလာတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်ကလည်း ရုရှားနဲ့ အင်ဒိုနီးရှားတို့ဟာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်မှု ၇၅ နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ကြပါသေးတယ်။
Ref- Xinhua