




၂၆.၂.၂၀၂၅
Written By Thandar
ဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှုတွေ တကျော့ပြန် ထပ်မံရရှိလာတဲ့ သရုပ်ဆောင် ဝေလာရီနဲ့ စိုးပြည့်သဇင်တို့က လာမယ့် မတ်လ ၅ ရက်နေ့မှာ The Beer Bar မှာ The Princess Concert Show ပုံစံတေးသီချင်းတွေ သီဆိုဖျော်သွားဖို့ရှိပါတယ်လို့ ဆိုပါတယ်။
“ဝေလာနဲ့ မမစိုးပြည့်@စိုးပြည့်သဇင်တို့က ကြင်ဖော်မှာဆိုလည်း သူငယ်ချင်းအဖြစ် သရုပ်ဆောင်တယ်။ လာမယ့် ၃ လပိုင်း ၅ ရက်နေ့မှာ ဝေလာနဲ့ မမစိုးပြည့်@ စိုးပြည့်သဇင်တို့ ညီအစ်မနှစ်ယောက် Two Lady Show ပွဲလုပ်ဖို့ရှိပါတယ်။ ပရိသတ်တွေ အားလုံးကို သီချင်းလေး နားထောင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ တေးနဲ့ မန်း တို့ ဆိုကြမှာပါ။ ဆိုင်ဘက်ကနေ ကမ်းလှမ်းကြတာပါ။ ဝေလာတို့ ညီအစ်မနှစ်ယောက်ရယ် ဆိုတော့ မစိုးပြည့် ကလည်း ဆိုမယ်ဆိုပြီး ဆိုဖြစ်ကြတာပါ။ ဝေလာတို့ ညီအစ်မနှစ်ယောက် ဆန်းဆန်းပြားပြားတို့ ဘာတို့ အရမ်းကောင်းတဲ့ Music Show လေးလုပ်မှာပါ”လို့ သရုပ်ဆောင် ဝေလာရီက ပြောပါတယ်။
အဆိုပါ တေးသီချင်းဖျော်ဖြေပွဲမှာတော့ အကယ်ဒမီ စိုးပြည့်သဇင်၊ ဝေလာရီတို့နဲ့အတူ In House Vocalist တွေဖြစ်တဲ့ အောင်ဇော်၊ A၊ K ဟိန်း၊ Chit Lun Zaw တို့ကလည်း ပရိသတ်အကြိုက်တေး သီချင်းတွေကို Ugly Music Band & DJ George နဲ့အတူ တီးခတ်ဖျော်ဖြေပေးမယ်လို့ သိရပါတယ်။
“ဝေလာက အသည်းနုတော့ ကြောက်တာပေါ့ သီချင်းလေးလည်း ဖျော်ဖြေမယ်။ ဝေလာတို့ တေး၊ ချော၊ မန်း ဇာတ်ကားရိုက်ပြီး ကတည်းက အတူတွဲပြီး မဆုံဖြစ်ကြသေးပါဘူး။ ဝေလာက စင်ပေါ်မှာ ကိုယ့်အမ စိုးပြည့်နဲ့ ဆိုရမှာမို့ အရမ်းရင်ခုန်ပါတယ်။ ဝေလာတို့ သီချင်းဆိုတာကြာတော့ ဝေလာက နည်းနည်း စိတ်လှုပ်ရှား တယ်။ ဒါပေမယ့် အကောင်းဆုံးတော့ ဖျော်ဖြေသွားပါမယ်။ မစိုးပြည့်ရဲ့ သီချင်းဆိုတာကို ကြိုက်တယ်။ သရုပ်ဆောင်လည်း မစိုးပြည့်က တော်ပါတယ်။ အသံပါဝါလည်း တော်တော်ကြီးပါတယ်”လို့ သူမက ဆက်ပြောပါတယ်။