
ပုံစာ။ စစ်ရှောင်စခန်းက ကျောင်းသူသုံးဦးကိုသတ်ဖြတ်သည့် အုန်းဆောဒွဲအောင်နှင့် ကျောင်းသူသုံးဦးကို ရှင်သန်ချိန်နှင့် သေဆုံးအပြီးမြင်ကွင်း (ဓာတ်ပုံ - ပေးပို့)
၂၆. ၂.၂၀၂၅
Written by Nay Moe
ကချင်ပြည်နယ်၊ လိုင်ဇာမြို့က KIO/KIA ဌာနချုပ်မှာရှိတဲ့ ဂျေယန်း(Je Yang) စစ်ရှောင်စခန်းက ကျောင်းသူ မိန်းကလေးငယ် သုံးဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီလို့ တရားခံဖမ်းဆီးတဲ့ KIA လက်နက်ကိုင်တွေ၊ Je Yang ဒုက္ခသည်စခန်းမှာ နေထိုင်ကူညီသူတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဖြစ်စဥ်က ဖေဖော်ဝါရီ ၂၂ ရက်မှာ အသက် ၁၀ နှစ်အရွယ်ကျောင်းသူတွေဖြစ်တဲ့ လထော်ရွယ်ဂျီ (Lahtaw Roi Ji) နဲ့ နန်းဇိုင်းဂျီဆန်းမိုင် (Nangzing Ji San Mai) အသက် – ၁၁ နှစ်အရွယ် ကျောင်းသူ ဖောင်ယမ်ဆွတ်ဆိုင်းအိန် (Hpauyam Sut Seng Ing) တို့ ပျောက်ဆုံးသွားခဲ့အပြီးမှာ မိဘတွေကို ဆက်သွယ်လာပြီး တရုတ်ယွမ် ၃ သိန်းနဲ့ ရွေးခိုင်းခဲ့တာပါ။ ဒီလိုရွေးခိုင်းချိန်မှာ မိန်းကလေးငယ်သုံးဦးကို လက်ပြန်ကြိုးတုပ်ထားတဲ့ပုံတွေလည်း ပို့ပေးခဲ့တယ်လို့ သိရပါတယ်။



မနေ့က ဖေဖော်ဝါရီ ၂၅ ရက် မနက်မှာတော့ မိန်းကလေးငယ် သုံးဦးကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့တဲ့ တရားခံ အသက် ၂၅ နှစ်အရွယ် အုန်းဆောဒွဲအောင် (Ung Sau Doi Awng) ကို ဖမ်းဆီးရမိခဲ့ပါတယ်။ တရားခံဟာ Je Yang စစ်ရှောင်စခန်းက ပြန်ပေးဆွဲသတ်ဖြတ်ခံ ကျောင်းသူမိန်းကလေးငယ်သုံးဦးကို သင်ကြားပေးတဲ့ ဆရာမရဲ့ လင်ယောကျ်ားလည်းဖြစ်တယ်လို့ဆိုပြီး ဖေဖော်ဝါရီ ၂၂ ရက်မှာ ကလေးငယ်တွေကို ချော့မော့ခေါ်ဆောင်ခဲ့ကာ ပြန်ပေးငွေမရချိန်မှာ သတ်ဖြတ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒါ့အပြင် တရားခံရဲ့ ဝန်ခံချက်အရ ညနေပိုင်းအချိန်မှာ ကလေးငယ်နှစ်ဦးရဲ့ ရုပ်အလောင်းနဲ့ ဒီမနက်မှာ ကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပြီး ကလေးငယ်တစ်ဦးကိုတော့ လည်ပင်းဆွဲကြိုးချလျက်သား တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။






Je Yang စစ်ရှောင်စခန်းဟာ KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမှာ အကြီးဆုံးစစ်ရှောင်စခန်းဖြစ်ပြီး ၂၀၁၁ မှာ KIA တစ်ကျော့ပြန်စစ်မီးမွှေးကတည်းက စစ်ရှောင်သူ ၈၀၀၀ ကျော် နေထိုင်နေသလို လက်ရှိမှာတော့ ကျူးလွန်သူကို KIA က ဘယ်လိုဆက်လက်အရေးယူမလဲဆိုတာနဲ့ အသေးစိတ်ဖြစ်စဥ်တွေကိုတော့ ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။
ပုံစာ။ စစ်ရှောင်စခန်းက ကျောင်းသူသုံးဦးကိုသတ်ဖြတ်သည့် အုန်းဆောဒွဲအောင်နှင့် ကျောင်းသူသုံးဦးကို ရှင်သန်ချိန်နှင့် သေဆုံးအပြီးမြင်ကွင်း (ဓာတ်ပုံ – ပေးပို့)