
နေပြည်တော်-မန္တလေးကိုလည်း လေအိတ်ရထားဖြင့် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်၍ ရန်ကုန်-မန္တလေးခရီးစဉ်အား နေပြည်တော်တွင် ပြောင်းလဲစီးနင်းနိုင်မည်
၂၆. ၂. ၂၀၂၅
Written by Nyein Kyaw
ဂျပန်နိုင်ငံထုတ် DEMU ရထားတွဲဆိုင်းသစ်များဖြင့် နေပြည်တော်-ရန်ကုန်-နေပြည်တော် ခရီးစဉ်အား ကျပ် ၁၉,၀၀၀ မှ ကျပ် ၂၈,၀၀၀ နှုန်းနှင့် လူစီးလေအိတ်ရထားတွဲများဖြင့် နေပြည်တော်-မန္တလေး ခရီးစဉ်အား ကျပ် ၇,၀၀၀ မှ ၁၁,၀၀၀ နှုန်းတို့ဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာထားသည်။

ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ ရန်ကုန် – နေပြည်တော် ခရီးစဉ်အမှတ် (၇) အဆန်ရထားနှင့် နေပြည်တော် – ရန်ကုန် ခရီးစဉ်အမှတ် (၈) အစုန် လူစီးရထားများအား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် လည်းကောင်း၊ မန္တလေး-နေပြည်တော် ခရီးစဉ်အမှတ် (၂၈) အစုန်နှင့် နေပြည်တော်-မန္တလေး ခရီးစဉ်အမှတ် (၂၇) အဆန် လူစီးရထားများအား လေအိတ်ရထားတွဲဆိုင်းဖြင့်လည်းကောင်း ပြေးဆွဲပေးမည်ဖြစ်သည်။
လက်မှတ်ခ နှုန်းထားအနေဖြင့် ရန်ကုန်-နေပြည်တော်၊ နေပြည်တော် – ရန်ကုန် ခရီးစဉ်အတွက် အမှတ် (၇) အဆန်/ (၈)အစုန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွင် ပထမတန်း ကျပ် ၁၉,၀၀၀၊ အထက်တန်း ကျပ် ၂၈,၀၀၀ ဖြစ်ပြီး မန္တလေး – နေပြည်တော်၊ နေပြည်တော် – မန္တလေး ခရီးစဉ်အတွက် အမှတ် (၂၇) အဆန်/ (၂၈)အစုန် လေအိတ်ရထားတွင် ရိုးရိုးတန်းငွေကျပ် ၇,၀၀၀၊ အထက်တန်း ငွေကျပ် ၁၁,၀၀၀ ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ခရီးသည်များအနေဖြင့် ရန်ကုန် – မန္တလေးနှင့် မန္တလေး – ရန်ကုန် ခရီးစဉ်အစအဆုံး လက်မှတ်ဝယ်ယူနိုင်ပြီး ပထမတန်း/ရိုးရိုးတန်း ကျပ် ၂၆,၀၀၀၊ အထက်တန်းငွေကျပ် ၃၉,၀၀၀ ဖြစ်ကာ လက်မှတ်များကို သုံးရက် ကြိုတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ခေတ်မီ DEMU ရထားများဖြင့် ရန်ကုန်-နေပြည်တော်ခရီးစဉ် အမှတ် (၇) အဆန်ရထားသည် နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာမှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်သည်။ နေပြည်တော်-ရန်ကုန်ခရီးစဉ် အမှတ် (၈) အစုန်ရထားသည် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင်ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။
လေအိတ်ရထားများဖြင့် ပြေးဆွဲပေးမည့်မန္တလေး – နေပြည်တော် အမှတ် ၂၈ အစုန်သည် နံနက် ၆ နာရီတွင် မန္တလေးဘူတာမှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်သည်။ နေပြည်တော် – မန္တလေး အမှတ်(၂၇) အဆန်ရထားသည် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင်ထွက်ခွာပြီး ညနေ ၅ နာရီတွင် မန္တလေးဘူတာသို့ ဆိုက်ရောက်မည်ဖြစ်သည်။
ခရီးသည်များအနေဖြင့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားနှင့် လေအိတ်ရထားများအား နေပြည်တော်ဘူတာတွင် ပြောင်းလဲလိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ရန်ကုန် – မန္တလေး ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကာ ခရီးစဉ်အစအဆုံး ဘူတာများတွင် ရပ်တန့်ချိန်အပါအဝင် ပြေးဆွဲချိန် ၁၁ နာရီသာ ကြာမြင့်မည်ဖြစ်ပြီး ရန်ကုန် – နေပြည်တော် – ရန်ကုန်လမ်းပိုင်းတွင် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားပြေးဆွဲချိန်သည် ငါးနာရီခွဲကြာမြင့်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။