၂၅.၂. ၂၀၂၅
Written by Phyo Wei

ထိုင်း-မြန်မာ နယ်စပ်မှာ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်းတွေကို ဖြိုခွဲပြီးနောက်မှာ ပြန်မခေါ်နိုင်သေးတာကြောင့် ထောင်ပေါင်းများစွာသော ကျားဖြန့် အလုပ်သမားတွေရဲ့ဘ၀ဟာ အမိနိုင်ငံဆီလည်း ပြန်ခွင့်မရဘဲ သောင်မတင်ရေမကျထိန်းသိမ်းခံနေရတဲ့အခြေအနေကြားမှာပဲ မြန်မာ၊ ထိုင်းနဲ့ တရုတ်နိုင်ငံတို့က နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေဆိုင်ရာ သုံးနိုင်ငံ အစည်းအဝေး တစ်ရပ်ကျင်းပမယ်လို့ ထုတ်ပြောလာတာကို မြင်ရသလို ကိုဗစ်ကပ်ရောဂါကာလကနေ အခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံအတွင်း အခက် အခဲကြုံနေတဲ့ နိုင်ငံခြားသားတွေကို ကူညီကယ်တင်ပေးဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ မေတ္တာရပ်ခံလာတဲ့နိုင်ငံ ၃၈ နိုင်ငံက ကယ်ဆယ်ပေးရမယ့် လူဦးရေ ၄၆၆၆ ဦးမှာ ၁၃၉၉ ဦးကို ကယ်တင်ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
အခြားတစ်ဖက်မှာလည်း ကမ္ဘာ့အမွေအနှစ် ပုဂံရှေးဟောင်းဒေသမှာ တိုက်ပွဲတွေ ဆင်နွှဲမယ်လို့ ကြေညာထားတဲ့ ပုဂံညောင်ဦးက PDF တွေဟာ အလိုတော်ပြည့်ဘုရားအနီးမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အငိုက်ဖမ်း ပစ်ခတ်သတ်ဖြတ်လိုက်တာ၊ ရုံးစည်ကြီးရဲစခန်းတိုက်ပွဲမှာ မြင်းခြံခရိုင်တပ်ရင်း(၃)က PDF တပ်ရင်းမှူးဆရာကျောင်း အပါအဝင် PDF လေးဦးသေသွားတာ၊ TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ မိုးမိတ်နဲ့ နောင်ချိုကို ဆက်တိုက် ဗုံးကြဲလိုက်သလို ညှိနှိုင်းဆွေးနွေးမှု အဆင်မပြေလုပ်ဆောင်မှုနောက်ပိုင်းမှာ TNLA ထိန်းချုပ်ရာဒေသတွေ ရက်ဆက်တိုက်ခိုက်ခံရတာကြောင့် ၆ ဦးသေဆုံးသွားတာ၊ KNU နဲ့ PDF ကို လက်နက်ကိုင်ထောက်ပို့လုပ်နေတဲ့ AAC ရုံးကို ထိုင်းအာဏာပိုင်တွေက အပြီးသတ် ချိပ်ပိတ်လိုက်တာ၊ မန္တလေးတိုင်းဒေသကြီးအတွင်းက နိုင်ငံ့ဝန်ထမ်းတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်မှု ၉ ကြိမ်နဲ့ ဖောက်ခွဲမှု ၂ ကြိမ် ကျူးလွန်ထားတဲ့ MDY PDF ၆ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိတဲ့ဖြစ်ရပ်တွေအပြင် အကြမ်းဖက်သောင်းကျန်းသူတွေဟာ ငြိမ်းချမ်းရေးရရှိပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ် ပါဝင်ရေးထက် နယ်မြေအလိုက် အာဏာရရှိရေးကိုပဲ လုပ်ဆောင်နေတယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားတဲ့ဖြစ်စဉ်တွေရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ကျားဖြန့်က လက်နက်ကိုင်တိုက်ပွဲတွေကို အသက်ဆက်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်းပြောလာတာ၊ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတွေ လက်နက်ကိုင်ဆောင်ခွင့်ရလာမှာဖြစ်ပေမဲ့ တားမြစ်ချက်တွေမလိုက်နာဘူးဆိုရင် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်နဲ့အများဆုံးငွေဒဏ် ကျပ်သိန်း ၃၀၀၀ အထိ ပြစ်ဒဏ်ချမယ့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ ပြဌာန်းလာတာ၊ ရေနံပေါတဲ့ မြိုင်ဘက်မှာ PDF နဲ့ ပသုံးလုံးတွေက ပြည့်တန်ဆာခန်းတွေ၊ KTV ဖွင့် ငွေရှာပြီး NUG နဲ့ KIA ခေါင်းဆောင်တွေရောက်လာရင် ဒီပြည့်တန်ဆာတွေနဲ့ပဲ ဧည့်ခံနေတာလို့ NUG ကို ထောက်ခံတဲ့ Exile မီဒီယာ ဧရာဝတီကပဲ ဖော်ထုတ်လာတာတွေကို သုံးသပ်တင်ပြချင်ပါတယ်။
ကျားဖြန့်က ငွေထောက်ပံ့တဲ့ လက်နက်ကိုင်တိုက်ပွဲ
ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာက မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် လည်ပတ်နေခဲ့တဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့် စခန်းတွေကနေ ဥပဒေမညီတဲ့ဝင်ငွေတွေက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပြည်တွင်းပဋိပက္ခကို မီးလောင်ရာလေပင့် ပိုလို့ ဆိုးဝါးစေခဲ့တယ်လို့ ပြောကြားခဲ့သလို ကျားဖြန့်လုပ်ငန်းကွန်ရက်ကြီးက ဥပဒေနဲ့မညီတဲ့ ငွေကြေးတွေဖန်တီးရာ အရင်းအမြစ်ကြီးအဖြစ်လည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် သက်ဆင်က မြန်မာအစိုးရနဲ့ လက်နက်ကိုင်အုပ်စုတွေအကြား တိုက်ပွဲတွေဖြစ်ပွားနေခဲ့ရတာအတွက်လည်း ဒီဥပဒေနဲ့မညီငွေကြေးတွေကနေ ထောက်ပံ့မှုပြုနေတာပဲလို့ ဆိုခဲ့ပါသေးတယ်။
ကိုဗစ်နဲ့အတူပေါ်လာခဲ့တဲ့ ကျားဖြန့်ဟာ မူလတုန်းကတော့ ကာစီနိုလို၊ KTV လို၊ ပြည့်တန်ဆာခန်းတွေလိုနဲ့ ငွေရှာခဲ့ကြတဲ့လုပ်ငန်းတွေကနေ ကိုဗစ်ကြောင့် တစ်ကမ္ဘာလုံး ခရီးသွားရပ်ဆိုင်းသွားချိန်မှာ ဒီလိုလုပ်ငန်းစုတွေကနေ အွန်လိုင်းလိမ်လည်မှုဆီကူးသွားတဲ့ပုံစံလည်းမြင်ခဲ့ရတာကို ရှမ်းမြောက်တစ်ခုလုံး တရုတ်ကိုးကန့် MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းသုံးဖွဲ့က သက်သေပြခဲ့တာပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၂၀၂၄ ခုနှစ်ထဲမှာဆို ကျားဖြန့်ကနေ လိမ်လည်ခံရမှုဟာ အမေရိကန်ဒေါ်လာ ၁ ထရီလျံကျော်လည်းဖြစ်နေလို့ အလွန်ဝင်ငွေကောင်းတဲ့ ဒီလိမ်လည်မှုလုပ်ငန်းတွေဟာ ရှမ်းမြောက် အကုန်ပါသွားအပြီး တခြား ရှမ်းပြည်နယ်ထဲက အချို့ဒေသတွေမှာလည်း ငုပ်လျှိုးကွယ်လျှိုးရှိနေပေမဲ့ အစိုးရဘက်က နှိမ်နင်းမှုကြောင့် ထိုင်းနယ်စပ်ဘက် အလုံးအရင်းနဲ့ရောက်သွားတာပါ။ အဲဒီနောက် တရုတ်မင်းသားဝမ်ရှင်းလူကုန်ကူးခံရမှုက အစပြုလို့ တရုတ်၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံပေါင်းပြီး ကျားဖြန့်နှိမ်နင်းဖို့ ဆက်ဖြစ်လာတာပါ။ ဒီနေရာမှာ ကျားဖြန့်နာမည်ကျော်ရာဟာ DKBA နဲ့ BGF တို့ရဲ့ ကျောက်ခတ်၊ ရွှေကုက္ကိုလ်၊ ရွှေမြစန္ဒီတို့အပြင် လက်ရှိ KNU ဥက္ကဋ္ဌ ကွယ်ထူးဝင်း လက်မှတ်ထိုးထားပြီး KNU ရဲ့ မုလအိအလင်းကမ္ပဏီက စတင်ခဲ့တဲ့ KK Park လည်း ပါနေခဲ့တာပါ။ ဒါပေမဲ့ ထိုင်း၊ တရုတ်က အသည်းအသန် ကျားဖြန့်နှိမ်နင်းချိန်မှာ DKBA နဲ့ BGF ကိုပဲ အရေးယူဖို့ မီဒီယာတွေက ဝိုင်းရေးကြသလို KNU ကလည်း ခေါင်းရှောင်သွားပြီး BGF က ခေါင်းခံတဲ့အသွင်မြင်လာရတာပါ။ KNU ဟာ ကျားဖြန့်မှာ သူတော်ကောင်းလုပ်နေပြီး သူ့နယ်မြေထဲနေနေတဲ့ အမေရိကန် ဩဇာခံ NUG ကလည်း ကျားဖြန့်တိုက်ဖျက်မယ် နာမည်ကောင်းဟစ်နေပြန်သေးတာပါ။ ထိုင်းနယ်စပ် ကျားဖြန့်အရေးဟာ ရှမ်းမြောက်နဲ့ ဖြေရှင်းပုံခြားနားနေပြီး ပြည်တွင်းမှာ စစ်ပွဲဆက်ဆင်နွှဲနေတဲ့ KNU နဲ့ NUG ကို ဖယ်ထုတ်ပြီး DKBA နဲ့ BGF ကိုပဲ အရေးယူဖို့ ဖိအားပေးနေကြတာ၊ ပိုဆိုးတာက ကျားဖြန့်ကို အသည်းအသန်တိုက်ဖျက်ချင်ပါတယ်ဆိုတဲ့ တရုတ်နဲ့ထိုင်းကလည်း အဖျားရှုးသွားတာဟာ ထူးပေမဲ့လည်း မြန်မာပြည်မွမွကြေစေချင်လို့ စစ်ပြုမယ့်သူတွေ ဆက်မွေးသလားတွေးရင်တော့ မဆန်းဘူးလို့ဘဲ ပြောရမှာဖြစ်ပြီး ဝင်ငွေကောင်းတဲ့ ဒီကျားဖြန့်ဟာ သာမန်ရာဇဝတ်မှုထက် Geopolitics အရ မြန်မာ့နယ်မြေ အပိုင်းပိုင်းအစစနဲ့ အမဲဖျက်ကြတဲ့ ကြံရွယ်ချက်ပါသလားလို့ပါ စေ့စေ့တွေးရမယ့်သဘောမြင်လာရတာပါ။
လက်နက်ကိုင်ခွင့်ရလာတော့မယ့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း
ဖေဖော်ဝါရီ ၁၈ ရက် ရက်စွဲနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေမှာ အခန်း (၁၃) ခန်း၊ ပုဒ်မ ၅၅ ခု ပြဌာန်းထားပြီး ဒီဥပဒေအရပဲပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတွေ အနေနဲ့ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် ရလာမှာဖြစ်ပေမဲ့ သတ်မှတ် တားမြစ်ချက် မလိုက်နာဘူးဆိုရင် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်နဲ့ အများဆုံးငွေဒဏ် ကျပ်သိန်း ၃၀၀၀ အထိ ပြစ်ဒဏ်ချနိုင်မှာဖြစ်ပါတယ်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေမှာ တာဝန်တွေပါသလို အခွင့်အရေးတွေလည်း ပါနေတာမြင်ရပြီး အထူးသဖြင့်တော့ အကြမ်းဖက်လက်နက်ကိုင်တွေအုပ်စုဘက်မှာ စိုးရိမ်ကြတာက နိုင်ငံခြားကုမ္ပဏီတွေကိုပါ လုပ်ကိုင်ခွင့်ပေးလိုက်တာ၊ လုံခြုံရေးဝန်ထမ်းတွေက လက်နက်ကိုင်ခွင့်ရလာတာနဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းဟာ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်စဥ်မှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ သတင်းတစ်စုံတစ်ရာရရှိမှုကို အနီးဆုံးရဲစခန်း သတင်းပို့ရမယ်ဆိုတာကို ကြောက်ကြတယ်ဆိုတာ မြင်ရတာပါ။
အရင်တုန်းက ဘဏ်တွေ ရွှေဆိုင်တွေကို ဓားပြတိုက်မှုဟာ တစ်နှစ်မှာ တစ်ခါ၊ နှစ်ခါလောက်သာ ကြားရတာဖြစ်ပြီး NUG နဲ့ PDF တွေလက်နက်ကိုင်လို့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့ ၆၀၀ လောက်ဖြစ်လာပြီးနောက်မှာတော့ နေ့တိုင်းလိုလို ဓားပြတိုက်ခံရတာကိုလည်း တွေ့လာရပါတယ်။ ဒီအထဲမှာ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ ဖြစ်တဲ့ ဓားပြမှုတွေ ခဏခဏ ဖမ်းမိပေမဲ့ PDF ကြီးစိုးရာနယ်မြေတွေက ရွှေဆိုင်တွေ၊ ဘဏ်တွေ ဓားပြတိုက်ခံရမှုတွေကတော့ တရားခံမပေါ်သလို တရားခံပေါ်လာရင်လည်း NUG ရဲ့ ပသုံးလုံးလက်ချက်နဲ့ပဲ အစပျောက်သွားတာပါ။ ဒီလိုအစပျောက်တဲ့အထဲ မုံရွာက ပသုံးလုံးတွေက အဆိုးဆုံးလို့ ပြောရမှာဖြစ်ပြီး NUG ကာကွယ်ရေးအောက်က PDF တွေ ဓားပြတိုက်တာကို ဖမ်းပေးတာက NUG ပြည်ထဲရေးအောက်က ပလဖပါ။ ဒီမုံရွာပလဖတွေ ဖမ်းမိတဲ့ ကိုယ်ဝန်သည်မအေးငြိမ်းသူအမှု၊ သိန်းသောင်းချီလုယက်ခံရတဲ့ နဝရတ်ရွှေဆိုင်အမှု၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ထဲ မုံရွာကစီးပွားရေးလုပ်ငန်းရှင် မမို့မို့စန်းကို သတ်ဖြတ်ပြီးကားလုမှု စတဲ့အမှုတွေက ကျူးလွန်သူ PDF တွေရော၊ အမှုဖြစ်စဥ်ရော၊ တိုက်ရာခိုးရာပါ ပစ္စည်းတွေရောဟာ မုံရွာပလဖလက်ထဲတင် စုပ်စမြုပ်စပျောက်ပြီး ပြည်သူက ဘာမှ မသိရတော့တာပါ။ ဒီလိုမျိုး ပသုံးလုံးတွေ ထင်ရာစိုင်းခံနေရတဲ့ ဒေသက၊ ဆက်ကြေးတောင်းငွှေညှစ်ခံနေရတဲ့ လုပ်ငန်းတွေအဖို့တော့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေဟာ လိုအပ်ပါတယ်။ ဒါပေမဲ့လည်း ဒီလို လိုအပ်မှုနောက်မှာတော့ လက်နက်ကိုင်တဲ့ တရားဝင်လူမိုက်ဂိုဏ်းအသွင်မျိုးတွေ ဖြစ်မလာဖို့တော့ ဥပဒေကြောင်းအရ အသေးစိတ်လိုအပ်တဲ့အချက်အလက်တွေနဲ့ ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါမယ်။
ပြည့်တန်ဆာခန်းဖွင့်ငွေရှာပြီး NUG နဲ့ KIA ခေါင်းဆောင်တွေကိုပါ လိင်ဖျော်ဖြေဧည့်ခံတဲ့ မြိုင် PDF
NUG ဩဇာခံ မြိုင်မြို့နယ်က ပသုံးလုံးအဖွဲ့တွေဖြစ်တဲ့ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ပြည့်တန်ဆာခန်းဖွင့် ငွေရှာနေသလို NUG နဲ့ KIA ခေါင်းဆောင်တွေလာရောက်ရင်လည်း ပြည့်တန်ဆာတွေနဲ့ ဖျော်ဖြေဧည့်ခံနေတယ်လို့ NUG ထောက်ခံတဲ့ ဧရာဝတီသတင်းဌာနက “အညာဒူဘိုင်း၏ နောက်ကွယ်”ဆိုတဲ့ ဆောင်းပါးနဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ မြေပုံညွှန်းအတိအကျနဲ့ ဖော်ထုတ်ခဲ့အပြီး ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မနက်မှာ မြိုင်ရေနံမြေရှိရာနေရာ ပေါက်ကဆုံကုန်းရွာမှာ မင်္ဂလာဆောင်တဲ့ PDF တစ်ဦးရဲ့ မင်္ဂလာဆောင်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုခံလိုက်ရပါတယ်။
မြိုင်က ပသုံးလုံးလက်နက်ကိုင်တွေဟာ ပြည့်တန်ဆာခန်း နေရာနှစ်နေရာဖွင့်ထားပြီး ကြက်ဆူအိုင့်ရွာအနီးမှာ ပြည့်တန်ဆာခန်း ငါးခန်း၊ ရေခါးရွာလမ်းခွဲ၊ ကျွန်းတောပြန့်ဒေသမှာ ပြည့်တန်ဆာခန်း ၁၁ ခန်းနဲ့ ကာရာအိုကေ (KTV) ဆိုင်တွေဖွင့်ထားပြီး ပြည့်တန်ဆာ ၆၀၀ ခန့်နဲ့ လည်ပတ်နေသလို ပြည့်တန်ဆာတစ်ခန်းကို ကျပ် ၄ သိန်း အခွန်ကောက်တယ်လို့ ဧရာ၀တီက ဆိုခဲ့တာပါ။ ကြက်ဆူအိုင့်ရွာအထွက် ကျောက်ခွက် ရေနံမှော်ဘက်သွားရာ လမ်းတစ်လျှောက်က ဆိုင်များစွာကို မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်သံတုတ်က ဦးဆောင် ဖွင့်လှစ်နေတာ၊ ကြက်ဆူအိုင့်ရွာအနီး ပြည့်တန်ဆာခန်းတွေကို ပေါက်မြို့နယ်၊ ဆုံကုန်းရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အခွန်ကောက်တဲ့အပြင် ကျွန်းတောပြန့်က ပြည့်တန်ဆာခန်းတွေကို သရက်ကန် ပြည်သူ့ကာကွယ်ရေးအဖွဲက အခွန် ကောက်ပြီး အဖွဲ့ခေါင်းဆောင်မင်းနိုင်က လုံခြုံရေးယူပေးထားတာလို့လည်း ဧရာဝတီက ဖော်ပြခဲ့အပြီး ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မနက်က လေကြောင်းတိုက်ခိုက်ခံရတာဟာ ကြက်ဆူအိုင့်ရွာအနီး ပြည့်တန်ဆာခန်းတွေကို အခွန်ကောက်တဲ့ ဆုံကုန်းရွာ PDF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကမ္ဘာကျော်ရဲ့ မင်္ဂလာဆောင်ကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ PDF တွေနဲ့ သူတို့မိသားစုဝင် အနည်းဆုံး ၂၀ ခန့် သေဆုံးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဧရာ၀တီရဲ့ အညာဒူဘိုင်းဆောင်းပါးမှာ “အထက်က လူကြီးတွေ၊ NUG က လူတွေ၊ ဟို KIA က ဒူဝါတို့၊ ဒူချွန်တို့ ရောက်လာရင်လည်း KTV တို့၊ ဖာခန်းတို့မှာပဲ ဧည့်ခံတာ။ သူတို့လာပြီဆို ခေါင်းဆောင်တွေက ရဲဘော်တစ်ယောက်ယောက်ကို ရှေ့ပြေးလွှတ်ပြီး အခန်းတွေ ကြိုရှင်းခိုင်းတယ်။ ပြီးတော့ လူကြီးတွေကို ဧည့်ခံဖို့ အဆင်ပြေမယ့် ကောင်မလေးတွေကို ကြိုရွေးခိုင်းထားတာ။ အဲဒီလိုလူကြီးတွေ လာပြီဆို ဘယ်လောက်ကုန်ကုန် ဧည့်ခံကြတယ်” လို့ PDF ဘဝကနေ စိတ်ပျက်လို့ ထွက်လာသူတစ်ယောက်ကပြောတာကိုလည်း ဧရာဝတီက ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ကိုင်နေသူ အမျိုးသမီး ၆၀၀ ဝန်းကျင်က မိနစ် ၂၀ အတွက် ကျပ် ၁၅၀၀၀ နဲ့ လိင်ဆက်ဆံရာမှာလည်း ပြည့်တန်ဆာက ကျပ် ၇၅၀၀ ပဲရတယ်လို့ ခေါင်းပုံဖြတ်ခံရတဲ့ အခြေအနေကို ဧရာဝတီက ဖော်ထုတ်ထားပါတယ်။ ဒီလိုမျိုး နေရာသတ်မှတ် ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာခန်းများစွာအပြင် ‘အညာဒူဘိုင်း’ မှာ မာဆတ်နဲ့ KTV ဆိုင် ၁၅ ဆိုင်ခန့်ရှိပြီး ဒီဆိုင်အများစုကို ကျေးရွာအတွင်း ဖွင့်လှစ်ထားသလို ဒီဆိုင်တွေကိုတော့ မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ဗိုလ်သံတုတ်၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံဖြစ်သလို CDM ရဲ ဗိုလ်လက်ျာရဲ့ လက်ရုံးတပည့်တွေနဲ့ ရပ်ကျေး ပအဖ၊ ပကဖ တာဝန်ခံတွေက ဦးဆောင် ဖွင့်လှစ်နေတာပါ။ ဒီလို ပြည့်တန်ဆာခန်းဖွင့် ငွေရှာနေတဲ့ PDF တွေ လုပ်ရပ်အပေါ် NUG ကို မေးရာမှာတော့ ပြန်မဖြေဘူးလို့လည်း ဧရာဝတီက ဖော်ထုတ်ထားသလို ဒီဖြစ်ရပ်အပေါ် CDM ရဲ တစ်ဖြစ်လည်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ဗိုလ်လက်ျာက ဖြေရှင်းရာမှာတော့ ပြည့်တန်ဆာခန်းတွေ၊ KTV တွေ တကယ်ဖွင့်ထားတယ်ဆိုတာကို ဝန်ခံထားပြီး အချက်အလက်အချို့ကိုတော့ ဒေသအခြေအနေအရလို့ ဆင်ခြေပေးထားတာကိုလည်း တွေ့ခဲ့ရပါတယ်။
အညာဒူဘိုင်းလို့ ဆောင်းပါးပါအပြီး သုံးရက်အကြာမှာ PDF တွေ စခန်းချထားတဲ့ ဆုံကုန်းရွာဦးကျောင်းအတွင်းက မင်္ဂလာဆောင်ဗုံးကြဲခံရမှုဟာ မြေပုံညွှန်းနဲ့ အချိန်၊ နေရာ တိတိကျကျပေးသလိုကို အကြဲခံရတာပါ။ ဒီလို အကြဲခံရတာကိုလည်း မြိုင် PDF တွေအချင်းချင်းကြားမှာ သတင်းပေးရှိတာလို့ မှတ်ယူကြတာ တွေ့ရပါသေးတယ်။ တကယ့်တကယ်မှာလည်း ရေနံမြေ ဖင်ခုထိုင်ထားတဲ့အပြင် ဝင်ငွေကောင်းတဲ့ ပြည့်တန်ဆာတွေ၊ KTV တွေ၊ အရက်ဆိုင်တွေ ထိန်းချုပ်ဖွင့်လှစ်တဲ့ မြိုင်ဘက်က ပသုံးလုံးတွေဟာ လစဥ် သိန်းသောင်းချီ ဝင်ငွေရပြီး ထင်ရာစိုင်းကြသူတွေအဖြစ်လည်း နာမည်ကျော်တာမို့လို့ နေရာလုဖို့ အတိအကျသတင်းပေးဖြစ်စဥ်လည်းရှိနိုင်တာ အသေအချာပါ။ ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီရှိတိုင်းမှာလည်း PDF တွေ အထိနာစေတဲ့ ဗုံးကြဲမှုဖြစ်စဥ် အမြဲဖြစ်တတ်တာမို့ ဒီတစ်ခေါက်သာ မြေပုံညွှန်းအတိအကျနဲ့ ပေးခံရတာဆိုရင် ရေနံ၊ ပြည့်တန်ဆာ၊ KTV နဲ့ ငွေရှာနေတဲ့ အညာဒူဘိုင်းမြိုင်က မဟုတ်တာလုပ်တဲ့ ပသုံးလုံးတွေလည်း အရှင်း၊ ပြည့်တန်ဆာနဲ့ ဧည့်ခံတာ သဘောကျတဲ့ NUG နဲ့ KIA ထိပ်ပိုင်းတွေအဖို့လည်း လူထုအာရုံပြောင်းပြီး တပ်ကလည်း လေကြောင်းတိုက်ခိုက်တာ မရပ်ပါဘူးလို့ ကမ္ဘာနဲ့ ကုလသမဂ္ဂကို သက်သေပြဖို့နဲ့ ကွက်တိမို့လို့ ဆုံကုန်းရွာလေကြောင်းတိုက်ခိုက်ခံရမှုဟာ NUG ထိပ်ပိုင်းတွေနင်းတဲ့ ဆင်ကွက်သက်သက်ဖြစ်နိုင်တယ်လို့ အများမြင်သလို ယူဆမိကြောင်း တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။