
၂၅.၂.၂၀၂၅
Written By Zun
မလေးရှားနိုင်ငံ၊ ဆလန်းကောပြည်နယ်၊ တလုပ်ကုန်ရပ်ကွက်ရှိ ပလတ်စတစ်စက်ရုံတွင် ဂက်စ်အိုးပေါက်ကွဲ၍ သေဆုံးခဲ့သည့် မြန်မာအလုပ်သမားကို ယနေ့ သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း မလေးရှားနိုင်ငံ မြန်မာလူမှုကူညီရေးအသင်းက သိရသည်။

အဆိုပါသေဆုံးသူမှာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဂုံမင်းအရှေ့ကွင်းကျေးရွာ၌ နေထိုင်သူ အသက် ၃၀ အရွယ် ကိုထက်လင်းရှိန်း ဖြစ်ပြီး မလေးရှားနိုင်ငံတွင် ဆလန်းကောပြည်နယ် တလုပ်ကုန်းရပ်ကွက် ပလပ်စတစ်စက်ရုံတွင် အလုပ်လုပ်နေစဉ် လုပ်ငန်းခွင်အတွင်း ဖေဖော်ဝါရီလ ၁၇ ရက်က ရုတ်တရက်ဂတ်စ်အိုးပေါက်ကွဲမီးလောင်မှုဖြစ်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“GAS အိုးပေါက်ကွဲတော့ ချက်ချင်း ဆုံးသွားတာမဟုတ်ဘူး။ ဆေးရုံကို ရောက်ပြီးမှပါ။ ဒဏ်ရာက ပြင်းထန်တယ်လေ။ ဆေးရုံရောက်တော့ ဆုံးတာပါပဲ။ ဒီနေ့ မှာတော့ မလေးရှားနိုင်ငံ ဆလန်းကောပြည်နယ်၊ ကလန်းမြို့ဆေးရုံကြီး အအေးခန်းက သယ်ဆောင်ပြီး ဆလန်းကောပြည်နယ် ကလန်းမြို့ ဟိန္ဒီသုသာန်မှာ သင်္ဂြိုဟ် ပြီးစီးခဲ့ပါတယ်”ဟု မလေးရှား လူမှုကူညီရေးအသင်းဝင်တစ်ဦးက MT News ကို ပြောသည်။
ယခုအခါ သေဆုံးခဲ့သည့် ကိုထက်လင်းရှိန်းနှင့်ပတ်သက်၍ ရသင့်ရထိုက်သော အခွင့်အရေးများကို ကျန်ရစ်သူမိသားစု ရရှိရေးအတွက် မြန်မာအလုပ်သမားသံအရာရှိများနှင့် လုပ်ငန်းရှင်တို့ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။