အင်ဒိုနီးရှားမှ ကျောင်းသားများဆန္ဒပြမှုက အတိုက်အခံပါတီတစ်ခုအသွင်သို့ပင် ရောက်ရှိလာနိုင်




၂၅.၂.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံမှာ အစိုးရရဲ့ မူဝါဒကိုဆန့်ကျင်တဲ့ သဘောထားကွဲလွဲမှုတွေ ပိုမိုများပြားလာနေတာက နိုင်ငံအတွင်းမှာ ဖေဖော်ဝါရီလ ၁၇ ရက်က ကျောင်းသားတွေရဲ့ ဆန္ဒပြမှုကို အခုအခါမှာတော့ာ အတိုက်အခံနိုင်ငံရေးပါတီတစ်ခုရဲ့လှုပ်ရှားမှုပုံစံအထိဖြစ်လာဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
သူ့ရဲ့ အစိုးရသစ်ကိုဆန့်ကျင်တဲ့ ကျောင်းသားတွေရဲ့ဆန္ဒပြမှုတွေက နိုင်ငံအနှံ့ပျံ့နှံ့လာတာက သမ္မတ ပရာဗိုဝို ဆူဘီယန်တို အဖို့ သူ့ရဲ့ ခေါင်းဆောင်မှုကို အဓိကစိန်ခေါ်စမ်းသပ်မှုတစ်ခုသဖွယ် ဖြစ်လာနေရပါတယ်။ အစိုးရရဲ့ ခြိုးခြံချွေတာမှုဆောင်ရွက်ချက်တွေနဲ့ တခြားမူဝါဒတွေကို ဆန့်ကျင်ကြတဲ့ ကျောင်းသားတွေဟာ ဖေဖော်ဝါရီလ ၁၇ ရက်က Dark Indonesia လို့ အမည်ပေးထားတဲ့ ဆန္ဒပြပွဲတွေကို စတင်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်မှာတော့ ဂျာကာတာရှိ သမ္မတအိမ်တော်ရှေ့မှာ အဆုံးသတ်ကြဖို့ ရည်မှန်းခဲ့ကြပါတယ်။
ပညာရေးကဏ္ဍအတွက် အပါအဝင် အစိုးရက အသုံးစရိတ်ခြိုးခြံချွေတာမှုအနေနဲ့ ရူပီး ၃၀၆ ဒသမ ၇ ဘီလျံ(အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၇ ဘီလျံ) ဖြတ်တောက်တဲ့ သမ္မတရဲ့ ဇန်နဝါရီလ ၂၂ ရက် ညွှန်ကြားချက်ကို ဆန္ဒပြခဲ့ကြတာပါ။ ဖြတ်တောက်မှုမှာ ကျောင်းသူကျောင်းသားတွေအတွက် ကျောင်းနေ့လယ်စာ အခမဲ့အစားအသောက်အစီအစဉ်လည်းပါဝင်ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ဆန္ဒပြမှုက တစ်နိုင်ငံလုံးကို ကူးစက်ကာ ဖေဖော်ဝါရီလ ၂၁ ရက်မှာတော့ တက်ကြွလှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေပါ ပူးပေါင်းပါဝင်လာကြပြီး မြို့ကြီးတွေမှာပါ ပြုလုပ်လာခဲ့ကြတာကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်မှာတော့ ဆန္ဒပြမှုတွေက ကိုးရက်ရှိလာပါပြီ။
ဖေဖော်ဝါရီလ ၂၅ ရက်မှာ အနက်ရောင်ဝတ်ဆင်ထားကြတဲ့ ကျောင်းသားတွေက မိုးရွာထဲမှာပဲ ဂျာကာတာမြို့ သမ္မတအိမ်တော်ရှေ့မှာ စုဝေးခဲ့ကြတာတွေ့ရပါတယ်။ သူတို့က ‘လူမိုက်တွေပဲပါတဲ့အစိုးရ’ လို့ ရေးထားတဲ့ပိုစတာတွေကိုင်ဆောင်ပြီး စုဝေးဆန္ဒပြနေကြတာတွေ့ရပါတယ်။
ကျောင်းသားတွေက ပညာရေးကဏ္ဍမှာ အသုံးစရိတ်ဖြတ်တောက်မှုတွေက ဆရာ/ဆရာမတွေအတွက် လူမှုဖူလုံရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးရာမှာ ထိခိုက်ပြီး ကျူရှင်ခတွေ ပိုလို့မြင့်တက်စေနိုင်တယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ပရာဗိုဝိုရဲ့ သမ္မတရုံးကတော့ ဒါတွေကို ငြင်းဆိုခဲ့ပါတယ်။
အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဆူရာဘာယာ မှာလည်း ဆန္ဒပြသမားတွေ များပြားစွာ စုဝေးနေကြတာကို ဖေဖော်ဝါရီလ ၂၅ ရက်မှာ တွေ့ရပါတယ်။
အခုလိုဆန္ဒပြမှုတွေက ပရာဗိုဝိုအနေနဲ့ နိုင်ငံရဲ့ရှစ်ယောက်မြောက်သမ္မတအဖြစ် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရပြီး လေးလအကြာမှာ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
Ref- Nation Thailand, Reuters