MT News
Written by Naing Thuta
မန္တလေး ချမ်းမြသာစည်မြို့နယ်တွင် ဇန်နဝါရီ ၁၅ ရက်နေ့က မီးရထားကျူးနေအိမ်များအား ဆက်လက်ဖြိုဖျက်ရှင်းလင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် တောင်ရပ်ကွက် ၊ ရန်ကုန်- မန္တလေးသံလမ်းနှင့် စံပြလမ်းကြား၊ သူရိန်နန်းလမ်း၊ အကွက် ၈၈၃ ရှိ မြို့ဟောင်းမီးရထားဘူတာ၊ ဇလီဖားပေါင်းစက်ရုံဝန်းအတွင်း ကျူးကျော်နေထိုင်သည့် မီးရထားကျူးနေအိမ်များအား ဇန်နဝါရီ ၁၅ ရက်က မီးရထား (အထက်မြန်မာပြည်) နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့တို့မှ ဖြိုဖျက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
“အခုရက်ပိုင်းအတွင်းကျူးကျော်အိမ်တွေ တအားအဖျက်ခံနေရတယ်။ နေ့တိုင်းလိိုလိုဖျက်နေကြတာ။ တချို့ဆိုနေစရာမရှိလို့ လမ်းဘေးမှာ နေနေကြတာ။ ကလေးတွေနဲ့အသက်ကြီးတဲ့သူတွေဆို အေးအေးချမ်းချမ်းနဲ့ ထိုင်နေကြတာစိတ်ကိုမကောင်းဘူး”ဟု မြို့ခံပြည်သူတစ်ဦးက ဆိုသည်။
အဆိုပါ ဖြိုဖျက်ရှင်းလင်းမှုတွင် အိမ်ခြေ ၃၅၀ လုံး(အခိုင်အမာ ၆၀လုံး၊ ယာယီ- ၂၉၀လုံး)၊ အိမ်ထောင်စု ၃၅၀ စု၊ လူဦးရေ ၁၅၆၄ ဦးခန့်တို့အား ဖယ်ရှားရှင်းလင်းခဲ့ကြောင်းမြန်မာ့မီးရထား (အထက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးစိုင်းသော်လင်းထံမှ သိရသည်။