
၂၅.၂.၂၀၂၅
Written By Thandar
ပရိသတ်ကြီး ပျော်ရွှင်စေမယ့်ဟာသဇာတ်လမ်းပုံစံ “Happy Hotel” ဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၅ရက် နေ့လယ် ၁ နာရီက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ Forever Group မှာ ကျင်းပခဲ့ပါတယ်။




ဇာတ်လမ်း မောင်ငယ်ရင်သွေး၊ ဇာတ်ညွှန်း ညီညီဘမောင်နဲ့ ချင်းတွင်းမောင်တို့က ရေးသားပြီးတော့ ဒါရိုက်တာဝင်းထွဋ်ဦးနဲ့ သက်လွင်အောင်တို့က ပင်းတယဘက်မှာ ရိုက်ကူးပုံဖော်ပေးထားတာလည်းဖြစ်ပါတယ်။
“ဒီကားရဲ့ ဇာတ်လမ်းက ကျွန်တော်ပါပဲ။ မောင်ငယ်ရင်သွေးကတော့ ကျွန်တော်ပါပဲ။ တကယ်တော့ ကျွန်တော်နဲ့ သူငယ်ချင်းညောင်ညောင် အတူ ဇာတ်လေးပါ ဖန်တီးကြဖို့ လုပ်ဆောင်ခဲ့ကြတာပါ။ တကယ်တော့ တစ်ပတ်ကို အပိုင်း ၄ ပိုင်းပြီးအောင် ရိုက်ရပါတယ်။ ပရိသတ်တွေ ဘဝအမောတွေပြေစေမယ့် ဇာတ်လမ်းလို့လည်း ပြောချင်ပါတယ်” လို့ ဒါရိုက်တာမောင်သီက ပြောပါတယ်။



သရုပ်ဆောင်တွေအနေနဲ့ စိုပြေမြင့်၊ ထက်မြတ်အောင်၊ သွန်းသစ္စာဇော်၊ ဈာန်ဈာန်ဟန်သာ၊ မေဘယ်လ် မိုးတိမ်၊ ကံပွင့်၊ မေတ္တာမြင့်မြတ်ဟိန်း၊ ဘူးသီး၊ သွက်လက်၊ စူပါလင်း၊ မျောက်ရှုံးနဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။
အပိုင်း (၄၀) ပါဝင်တဲ့ Happy Hotel ဇာတ်လမ်းတွဲကို လာမယ့် မတ်လ ၃ ရက် ည ၇ နာရီ တနင်္လာနေ့ကနေ သောကြာနေ့အထိ MRTV – 4 ရုပ်သံလိုင်းနဲ့ Pyone Play က တိုက်ရိုက်ထုတ်လွှင့်မှာလည်း ဖြစ်ပါတယ်။