



၂၅. ၂. ၂၀၂၅
Written by Nay Moe
NUG ဩဇာခံ မြိုင်မြို့နယ်က ပသုံးလုံးအဖွဲတွေဖြစ်တဲ့ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ပြည့်တန်ဆာခန်းဖွင့် ငွေရှာနေသလို NUG နဲ့ KIA ခေါင်းဆောင်တွေလာရောက်ရင်လည်း ပြည့်တန်ဆာတွေနဲ့ ဖျော်ဖြေဧည့်ခံနေတယ်လို့ NUG ထောက်ခံတဲ့ ဧရာဝတီသတင်းဌာနက “အညာဒူဘိုင်း၏ နောက်ကွယ်”ဆိုတဲ့ ဆောင်းပါးနဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ မြေပုံညွှန်းအတိအကျနဲ့ ဖော်ထုတ်ခဲ့အပြီး ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မနက်မှာ မြိုင်ရေနံမြေရှိရာနေရာမှာ မင်္ဂလာဆောင်တဲ့ PDF ခေါင်းဆောင်တစ်ဦးရဲ့ မင်ဂလာဆောင်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုခဲ့တယ်လို့ သိရပါတယ်။
“ဧရာ၀တီရဲ့ အညာဒူဘိုင်းဆောင်းပါးအပြီးမှာ သူကြေညာခဲ့တဲ့ ရွာထဲကတစ်ရွာတော့ ဒီနေ့ ပေါင် ၅၀၀ ကြဲချသွားခဲ့ပါပြီ။ သတင်းသမားအားလုံး သေချာစိစစ်ပြီးမှ ရေးသားစေချင်ပါတယ်”လို့ မြိုင်ပကဖ တပ်ရင်း (၂) တပ်ခွဲ (၁) က ရဲဘော်နားကွင်းက ဆိုပါတယ်။
မြိုင်ပသုံးလုံးလက်နက်ကိုင်တွေဟာ ပြည့်တန်ဆာခန်း နေရာနှစ်နေရာဖွင့်ထားပြီး ကြက်ဆူအိုင့်ရွာအနီးမှာ ပြည့်တန်ဆာခန်း ငါးခန်း၊ ရေခါးရွာလမ်းခွဲ၊ ကျွန်းတောပြန့်ဒေသမှာ ပြည့်တန်ဆာခန်း ၁၁ ခန်းနဲ့ ကာရာအိုကေ (KTV) ဆိုင်တွေဖွင့်ထားပြီး ပြည့်တန်ဆာ ၆၀၀ ခန့်နဲ့ လည်ပတ်နေသလို ပြည့်တန်ဆာတစ်ခန်းကို ကျပ် ၄ သိန်း အခွန်ကောက်တယ်လို့ ဧရာ၀တီက ဆိုခဲ့ပြီး ကြက်ဆူအိုင့်ရွာအထွက် ကျောက်ခွက် ရေနံမှော်ဘက်သွားရာ လမ်းတစ်လျှောက်က ဆိုင်များစွာကို မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ တာဝန်ခံ ဗိုလ်သံတုတ်က ဦးဆောင် ဖွင့်လှစ်နေကြောင်းနဲ့ ကြက်ဆူအိုင့်ရွာအနီး ပြည့်တန်ဆာခန်းတွေကို ပေါက်မြို့နယ်၊ ဆုံကုန်းရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အခွန်ကောက်တဲ့အပြင် ကျွန်းတောပြန့်က ပြည့်တန်ဆာခန်းတွေကို သရက်ကန် ပြည်သူ့ကာကွယ်ရေးအဖွဲက အခွန် ကောက်ပြီး အဖွဲ့ခေါင်းဆောင်မင်းနိုင်က လုံခြုံရေးယူပေးထားတယ်လို ဧရာဝတီက ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒီလိုမျိုး ဧရာ၀တီသတင်းဌာနက ဖော်ပြခဲ့အပြီးမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မနက်က ကြက်ဆူအိုင့်ရွာအနီး ပြည့်တန်ဆာခန်းတွေကိုအခွန်ကောက်တဲ့ ဆုံကုန်းရွာ PDF ခေါင်းဆောင်တစ်ဦးရဲ့ မင်္ဂလာဆောင်ကို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုမှာ မင်္ဂလာဆောင်လာတဲ့ PDF တွေနဲ့ သူတို့မိသားစုဝင် အနည်းဆုံး ၂၀ ခန့် သေဆုံးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“တော်လှန်သူအချင်းချင်း အငုံ့စိတ်နဲ့ ဖွတဲ့ကောင်ကဖွ အဲကွန်းခန်းထဲက မီဒီယာအမည်ခံတွေက စည်းမရှိကမ်းမရှိတင် ခံလိုက်ရတော့ မြေပြင်က ပြည်သူနဲ့ တော်လှန်ရေးသမားတွေပါပဲ 9:45 am/25.2.2025 ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ကျဲချသွား( သတ်ပုံမူရင်း)”လို့ ဆရာဝန်ဘ၀ကနေ လက်နက်ကိုင် PDF ဖြစ်သွားတဲ့ ရဲထွန်းဇော်က ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် PDF တွေနဲ့ ဆက်နွှယ်သူတွေ လူ ၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်းမှူး ဗိုလ်ခရော့စ်က မီဒီယာတွေကို ဖြေထားသလို သူကိုယ်တိုင်ကလည်း သူတို့ကို ထောက်ခံပေးထားတဲ့ ရဲထွန်းဇော် ပို့စ်ကို ရှဲပြီး “တကယ်ဖြစ်တော့ ဘယ်သူတာဝန်ယူမလဲ၊ အာချောင်တဲ့ကောင်တွေ တာဝန်ယူမလား” လို့ မေးခွန်းထုတ်ထားတာ တွေ့ရပါတယ်။



ဧရာ၀တီရဲ့ အညာဒူဘိုင်းဆောင်းပါးမှာ “အထက်က လူကြီးတွေ၊ NUG က လူတွေ၊ ဟို KIA က ဒူဝါတို့၊ ဒူချွန်တို့ ရောက်လာရင်လည်း KTV တို့၊ ဖာခန်းတို့မှာပဲ ဧည့်ခံတာ။ သူတို့လာပြီဆို ခေါင်းဆောင်တွေက ရဲဘော်တစ်ယောက်ယောက်ကို ရှေ့ပြေးလွှတ်ပြီး အခန်းတွေ ကြိုရှင်းခိုင်းတယ်။ ပြီးတော့ လူကြီးတွေကို ဧည့်ခံဖို့ အဆင်ပြေမယ့် ကောင်မလေးတွေကို ကြိုရွေးခိုင်းထားတာ။ အဲဒီလိုလူကြီးတွေ လာပြီဆို ဘယ်လောက်ကုန်ကုန် ဧည့်ခံကြတယ်” လို့ PDF ဘဝကနေ စိတ်ပျက်လို့ ထွက်လာသူတစ်ယောက်ကပြောတာကိုလည်း ဧရာဝတီက ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ကိုင်နေသူ အမျိုးသမီး ၆၀၀ ဝန်းကျင်က အများအားဖြင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းရှိ ပခုက္ကူ၊ စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ကလေးမြိုနယ်၊ ကရင်ပြည်နယ်တိုက လာရောက် လုပ်ကိုင်ကြသူတွေနဲ့ အခြားနယ်ပေါင်းစုံက လာရောက် လုပ်ကိုင်နေသူတွေဖြစ်ပြီး NUG ဩဇာခံ ပသုံးလုံးက ချုပ်ကိုင်ထားတဲ့ ဒီ ပြည့်တန်ဆာတွေကို မိနစ် ၂၀ အတွက် ကျပ် ၁၅၀၀၀ နဲ့ လိင်ဆက်ဆံရာမှာလည်း ပြည့်တန်ဆာက ကျပ် ၇၅၀၀ ပဲရတယ်လို ခေါင်းပုံဖြတ်ခံရတဲ့ အခြေအနေကို ဧရာဝတီက ဖော်ထုတ်ထားပါတယ်။
ဒီလိုမျိုး နေရာသတ်မှတ် ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာခန်းများစွာအပြင် ‘အညာဒူဘိုင်း’ မှာ မာဆတ်နဲ့ KTV ဆိုင် ၁၅ ဆိုင်ခန့်ရှိပြီး ဒီဆိုင်အများစုကို ကျေးရွာအတွင်း ဖွင့်လှစ်ထားသလို ဒီဆိုင်တွေကိုတော့ မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ (ပအဖ) တာဝန်ခံ ဗိုလ်သံတုတ်၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ (ပကဖ) တာဝန်ခံ ဗိုလ်လက်ျာရဲ့ လက်ရုံးတပည့်တွေနဲ့ ရပ်ကျေး ပအဖ၊ ပကဖ တာဝန်ခံတွေက ဦးဆောင် ဖွင့်လှစ်နေပြီး ဒီလို ပြည့်တန်ဆာခန်းဖွင့် ငွေရှာနေတဲ့ PDF တွေ လုပ်ရပ်အပေါ် NUG က မေးရာမှာတော့ ပြန်မဖြေဘူးလို့လည်း ဧရာဝတီက ဖော်ထုတ်ထားပါတယ်။
ဒီဖြစ်ရပ်အပေါ် ပြည့်တန်ဆာခန်းဖွင့် ငွေရှာသူဖြစ်လာတဲ့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ဗိုလ်လက်ျာအမည်ခံ CDM ရဲ ဗိုလ်လက်ျာက ဖြေရှင်းရာမှာတော့ ပြည့်တန်ဆာခန်းတွေ၊ KTV တွေ တကယ်ဖွင့်ထားတယ်ဆိုတာကို ဝန်ခံထားပြီး အချက်အလက်အချို့ကိုတော့ ဒေသအခြေအနေအရလို့ ဆင်ခြေပေးထားတာကို တွေ့ရပါတယ်။
ပုံစာ။ ဧရာဝတီသတင်းဌာနက အညာဒူဘိုင်းဟု ဖော်ပြခဲ့မှု၊ ယနေ့လေကြောင်းတိုက်ခိုက်မှုအပေါ် PDF တို့ တုံ့ပြန်မှုနှင့် လေကြောင်းတိုက်ခိုက်မှုမြင်ကွင်း (Photo/Credit)