
၂၅ .၂ .၂၀၂၅
Written by Hey Mar
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ လင်းတဲကျေးရွာမှာ မနေ့က ဖေဖော်ဝါရီ ၂၄ ရက်နေ့ မနက်အစောပိုင်းက ဒရုန်းနဲ့ ဗုံးကြဲချလို့ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျည်ရှောင်ရင်း စုရုံးနေထိုင်သူတချို့ ထိခိုက်ကာ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးသုံးဦးနဲ့ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတချို့ထံကနေ သိရပါတယ်။


အဆိုပါ နယ်တကြောမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော် ထိတွေ့တိုက်ပွဲ တချို့ ဖြစ်ပွားနေပြီး ကျေးရွာရှိ ကျောင်းထိုင်ဆရာတော်က နှစ်ဖက်အဖွဲ့အစည်းတွေထံ မေတ္တာရပ်ခံကာ လူနာတွေကို ဆေးရုံတင်ပို့ ကုသနိုင်ဖို့ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
“ဆရာတော် မေတ္တာရပ်ခံလာတော့ လမ်းခရီး ကြောက်ကြောက်နဲ့ သွားခဲ့ရတာပဲ။ မြန်မာပြည်အမြန်ဆုံးအေးချမ်းစေချင်ပါပြီ။ မသွားရင်လည်း ဗုံးထိထားတဲ့ အမျိုးသမီးတွေက သွေးထွက်လွန်ပြီး သေဆုံးနိုင်တယ်။ သွားခဲ့တဲ့လမ်းမှာ ဒရုန်းတစ်စင်း ကားပေါ်ကဝဲနေတာကလွဲရင် အန္တရာယ်ကင်းခဲ့ပါတယ်” လို့ ကျေးရွာအတွင်း ဒရော့ဗုံးထိမှန် လူနာလေးဦးကို သွားရောက်ခေါ်ဆောင်ခဲ့တဲ့ မကွေးအခြေစိုက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။



အဆိုပါ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာနယ်မြေအတွင်းကို မကွေးမြို့ပေါ်ကနေ လူမှုကူညီရေး အသင်းနှစ်သင်း ထွက်ခွာဆောင်ရွက်ခဲ့ပြီး သေဆုံးသူ အသက်လေးဆယ်အရွယ် ကျေးရွာသားရဲ့ ရုပ်အလောင်းကိုလည်း ပဒါန်းသုသာန်ဆီ ပို့ဆောင်ကူညီပေးခဲ့သလို ထိခိုက်ဒဏ်ရာရလူနာတွေကိုလည်း ပဒါန်းဆေးရုံသို့ပို့ဆောင်ပြီး အဲ့ဒီကနေမှတစ်ဆင့် လွှဲပြောင်းလူနာအမျိုးသမီးနှစ်ဦးကို မင်းဘူးပြည်သူ့ဆေးရုံကြီးဆီ ဆက်လက်ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။