
၂၅.၂.၂၀၂၅
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ၊ ချွန်နန်မြို့တွင် အဝေးပြေးလမ်းမကြီးတစ်ခုပေါ်ရှိ ဆောက်လုပ်ဆဲတံတားတစ်ခုပြိုကျမှု ဖေဖော်ဝါရီလ ၂၅ ရက်က ဖြစ်ပွားခဲ့ရာ အလုပ်သမားသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။
ထိုဖြစ်ရပ်က ဖေဖော်ဝါရီလ ၂၅ ရက်၊ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၅၀ ခန့်တွင် ဖြစ်ပွားခဲ့သည်။ ဆိုးလ်မြို့နှင့် ဆီဂျုန်မြို့ အဝေးပြေးလမ်းမကြီးပေါ်ရှိ အစိတ်အပိုင်းတစ်ခုပေါ် ဆိုးလ်မြို့မှ တောင်ဘက် ကီလိုမီတာ ၈၀ အကွာတွင် ထိုတံတားပြိုကျမှုက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


တံတားကို အထောက်အခံပြုထားသော ၅၀ မီတာစီအရှည်ရှိ သံမဏိတန်းကြီးငါးချောင်း တစ်ခုပြီးတစ်ခု ပြိုလဲမှုက သံမဏိတိုင်များအား ဝန်ချီစက်တစ်ခုအသုံးပြု၍ တိုင်များအကြားရွှေ့ရန် အလုပ်သမားများက ဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့ခြင်းဟုလည်း သိရသည်။
သေဆုံးဒဏ်ရာရရှိသော အလုပ်သမားရှစ်ဦးမှာ တည်ဆောက်ဆဲတံတား၏ အောက်ဘက်၌ အလုပ်လုပ်နေကြခြင်းဟု သိရသည်။
အမျိုးသားမီးသတ်တပ်ဖွဲ့က ဖြစ်ရပ်တွင် ပျောက် ဆုံးနေသူများရှိက ရှာဖွေရန် မီးသတ်တပ်ဖွဲ့ဝင်များစေလွှတ်ထားကြောင်းလည်း သိရသည်။
ယာယီသမ္မတ ချွိုင်ဆန်မုတ်က ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဖြစ်နိုင်သမျှအရင်းအမြစ် အင်အားနှင့် လူအင်အားတို့ကို အသုံးချဆောင်ရွက်သွားရန် ညွှန်ကြားခဲ့သည်။
တောင်ကိုရီးယား အလုပ်သမားဝန်ကြီးဌာန၏ စာရင်းဇယားများက နိုင်ငံအတွင်း ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အထိ အလုပ်ခွင်နှင့်ဆက်စပ်လျက် အလုပ်သမား ၈,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်းဖော်ပြခဲ့သည်။
Ref- Yonhap News