
၂၅. ၂. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ ၂၃ သန်းနှင့် ထိုင်းဘတ် သန်း ၁၅၀ ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဖေဖော်ဝါရီလ ၅ ရက်တွင် ဒေါ်လာ ၂၃ သန်း၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ဒေါ်လာ ၂၁ သန်းနှင့် ဖေဖော်ဝါရီ ၂၄ ရက်(ယမန်နေ့)တွင် ဒေါ်လာ ၂၃ သန်းနှင့် ထိုင်းဘတ်သန်း ၁၅၀ ရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ယခုဖေဖော်ဝါရီလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသုံးကြိမ်ရောင်းပေးမှု စုစုပေါင်းပမာဏ ဒေါ်လာ ၆၇ သန်းအထိရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းမှာလည်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်းရောင်းချပေးခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့၍ တစ်လအတွင်း ဒီဇယ်ဈေးနှုန်းများ အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၂၅၀ မှ ၃၀၀ ဝန်းကျင်နှင့် ဓာတ်ဆီဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၁၅၀ ဝန်းကျင် မြင့်တက်လာမှုများရှိခဲ့သည်။
ယခုဖေဖော်ဝါရီလ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများ အနည်းငယ် ပြန်မြင့်တက်လာခဲ့သလို ယခုရက်ပိုင်းတွင်လည်း စက်သုံးဆီဈေးနှုန်း အမျိုးအစားအပေါ်မူတည်ကာ တစ်လီတာ ကျပ် ၃၀ မှ ကျပ် ၅၀ ဝန်းကျင် ထပ်မံမြင့်တက်ခဲ့သည်။ စက်သုံးဆီဈေးကွက်အတွင်း ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃,၂၁၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃,၂၇၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၇၆၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၄၂၅ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။