
MT News
၂၅.၂.၂၀၂၅
၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်လျှောက်ထားကြသော တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက် ကြာသပတေးနေ့မှစ၍ ထုတ်ယူကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထားသည်။
အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်သည်။
ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်ကာ اကျောင်းသား/ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၁၂၈,၈၂၀ ဦးရှိခဲ့ပြီး ၇၄,၅၉၂ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၅၉ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ခုနှစ်တွင်မူ ဖြေဆိုရန် စာရင်းပေးသူ ၂၂၀၀၀၀ ဝန်းကျင်ရှိ၍ ယခင်နှစ်ထက် ၄၀ ရာခိုင်နှုန်းခန့် စာရင်းပေးသူ ပိုမိုများပြားလာခဲ့သည်။