
၂၅.၂.၂၀၂၅.
Translated by Htwe Ko Tun
မြန်မာ၊ ထိုင်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေဆိုင်ရာ သုံးနိုင်ငံ အစည်းအဝေးတစ်ရပ်ကို ကျင်းပသွားကြဖို့ရှိတယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ် ပွန်ဆာကဖေဖော်ဝါရီလ ၂၄ ရက်က ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ဆောင်ရွက်မယ့် ဒီအစည်းအဝေးမှာ အွန်လိုင်းလိမ်လည်မှုနဲ့ဖုန်းခေါ်ဆိုလိမ်လည်မှုတွေအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို တိုက်ခိုက်နှိမ်နင်းဖို့ ခိုင်မာပြီး ရေရှည်တည်တံ့မယ့် မဟာဗျူဟာတွေချမှတ်သွားမယ်လို့ မာရစ်က ပြောခဲ့ပါတယ်။ သူက ဒီပြဿနာတွေကိုဖြေရှင်းနေရာမှာ အခုလိုသုံးနိုင်ငံပါဝင်တဲ့ယန္တရားက ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမယ်လို့ ပြောခဲ့ပါတယ်။
ထိုင်းအစိုးရက နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို အဆက်မပြတ်ဦးစားပေးပြီး တိုက်ခိုက်နှိမ်နင်းနေရာမှာတရုတ်နိုင်ငံကိုလည်း လုံခြုံရေးမူပေါင်အောက်မှာ ညှိနှိုင်းဆောင်ရွက်သွားဖို့ လှုံ့ဆော်ခဲ့တယ်လို့ သိရပါတယ်။ အခုလိုပူးပေါင်းဆောင်ရွက်မှုမှာ အိမ်နီးချင်းနိုင်ငံတွေအတွင်းရှိနေတဲ့ ဖုန်းခေါ်ဆိုလိမ်လည်ဂိုဏ်းတွေကို အဆုံးသတ်နိုင်ဖို့ ကူညီဆောင်ရွက်ရန် ကိုယ်စားလှယ်တွေ စေလွှတ်ဖို့လည်းပါတယ်လို့ သိရပါတယ်။
မာရစ်က တွေ့ကြုံနေရတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ ထိုင်းနိုင်ငံဟာ ထိုင်းအစိုးရရဲ့ ကြီးကြပ်ကွပ်ကဲမှု အောက်မှာ နိုင်ငံအားလုံးနဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ထိုင်း၊ မြန်မာနဲ့ အိန္ဒိယ သုံးနိုင်ငံတို့ဟာ နယူးဒေလီမြို့မှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကကျင်းပခဲ့တဲ့ တောင်အာရှနိုင်ငံများရဲ့နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဆိုင်ဘာလုံခြုံရေးနဲ့ လက်နက်တွေ တရားမဝင် သယ်ဆောင်မှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဟာ လူကုန်ကူးခံရ သူဓားစာခံတွေကိုကူညီဖို့ ပူးပေါင်းဆောင်ရွက်မှုပြုဖို့ရှိရာမှာ ဒီရာဇဝတ်မှုတွေကို ထိန်းချုပ်ဖို့ ခိုင်မာတဲ့ စွမ်းဆောင်ရည်နဲ့အတူ အိန္ဒိယနိုင်ငံလည်းပါဝင်လာဖို့မျှော်လင့်ထားကြပါတယ်။
Ref- Bangkok Post