MT News
Written By Thandar
အနုပညာအလုပ်တွေကို ရပ်နားထားပေမယ့် ပရဟိတတွေလုပ်ကိုင်နေတဲ့ သရုပ်ဆောင်ထွန်းကိုကိုကတော့ ဇန်နဝါရီ ၁၆ ရက်မှာ ကျရောက်တဲ့အသက် ၃၅ နှစ်ပြည့် မွေးနေ့အတွက် နဂါးရုံဘုရားတည်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်း ကျေးရွာမှာ နာဂသိဒ္ဓိ နဂါးရုံဘုရား တည်ထားကိုးကွယ်လှူဒါန်းခဲ့သလို ဘုရားအနေကဇာတင်ခဲ့ပါတယ်။
“ဒီနေ့က နာဂသိဒ္ဓိ နဂါးရုံဘုရားတည်တာနဲ့ ဘုရားအနေကဇာတင်ပွဲလုပ်တာပါ။ မွေးနေ့မှာ မရည်ရွယ်ဘဲ တိုက်ဆိုင်သွားတာပါ။ ကျွန်တော့်အနေနဲ့ အနုပညာအလုပ်လုပ်တယ်။ ဘာသာရေးရယ် ပရဟိတလုပ်တယ်။ ဒီဘုရားတည်ဖို့ ကိစ္စကတော့ တော်တော်အလှမ်းဝေးတဲ့ အလုပ်ပါ။ ကျွန်တော့်အနေနဲ့ ဒီတစ်နှစ်ကျော် နှစ်နှစ်အတွင်းမှာ ဘာသာရေးတွေ ပိုလုပ်ဖြစ်ပါတယ်။အဓိဌာန်တွေ ပိုဝင်ဖြစ်ပါတယ်။ ထူးထူးခြားခြားပဲ ဘုရားတည်ချင်တဲ့စိတ်ဖြစ်နေတယ်။ အဲဒီအချိန်မှာ ဖုန်းဝင်လာတယ်။ နဂါးရုံဘုရားတည်ဖို့ ရှိတယ် ညီလေးတည်ပေးပါလား ပြောလာတယ်။ ကျွန်တော်အဓိဌာန်ဝင်ပြီးဘုရား တည်မယ်လို့လုပ်ဖြစ်တယ်”လို့ ထွန်းကိုကိုက ဇန်နဝါရီ ၁၆ ရက်ကပြောပါတယ်။
ဘုရားအနေကဇာတင် ရေစက်ချအလှူကို သရုပ်ဆောင်ဖြစ်ကြတဲ့ ရွှေပိုးအိမ်နဲ့ ဇွဲလရောင်၊ ဟာသသရုပ်ဆောင်စိစိတို့လာရောက်ပြီး ကုသိုလ်ယူခဲ့ကြပါတယ်။
ထွန်းကိုကိုကတော့ အနုပညာအလုပ် လက်ရှိရပ်နားထားပြီးတော့ ဘာသာရေးလုပ်သလို ပရဟိတအလုပ်ကို ပိုလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်ကတည်းက ဇန်နဝါရီ ၁၆ ရက်အထိ ထွန်းကိုကိုမွေးနေ့အတွက်နဲ့ နဂါးဘုရားတည်ဖို့ရည်ရွယ်ပြီး ၂၁ရက်အဓိဌာန်ဝင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။