
၂၅. ၂. ၂၀၂၅
Written by Thettant
သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းနဲ့ မေမြတ်နိုးခင်တို့ လိုက်ပါလာတဲ့ ကားဟာ အင်းတကော်မြို့မှာ ယာဥ်တိုက်မှုဖြစ်ပွားပြီး လိုက်ပါလာသူလေးဦး ခြေလက်ကျိုးဒဏ်ရာတွေရလို့ အရေးပေါ်ဆေးရုံတင်ထားရတယ်လို့ ကနဦးသိရပါတယ်။

ဖြစ်စဥ်က မနေ့က ညနေပိုင်းက ကိုစိုင်းသီဟန် မောင်းနှင်ပြီး ဓာတ်ပုံဆရာအောင်သူအောင်၊ သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်း၊ မေမြတ်နိုးခင်တို့ လိုက်ပါလာတဲ့ Toyota Mark II အဖြူရောင်ယာဉ်ဟာ ပဲခူးဘက်ကနေ ရန်ကုန်ဘက် မောင်းနှင်လာချိန် အင်းတကော်မြို့၊ အမှတ်(၆) ရပ်ကွက်၊ မိုင်တိုင် ၁၆/၁ နဲ့ ၁၆/၂ ကြားအရောက်မှာ လမ်းဖြတ်ကူးသူ ရှောင်ပြီး လမ်းယာဘက် ယာဉ်ကို ဆွဲချချိန် လမ်းယာဘက်ဘေး ရပ်ထားတဲ့ FOTON အမျိုးအစား၊ ခြောက်မူးသံလုံး တင်ထားတဲ့ယာဉ်ကို နောက်ဘက်ကနေ ဝင်တိုက်မှုဖြစ်ပွားခဲ့တာလို့ ပဲခူးမြို့ခံနိုင်ငံပိုင်သတင်းဌာနမှာ သတင်းရေးသားသူ သက်ဖြိုးကြိုင်က လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

“ကိုယ့်ညီမအငယ်ဆုံး မေမြတ်နိုးခင် ကား Accident ဖြစ်လို့ အငယ်မ သူလက်ခံထားတဲ့အလုပ်လေး ခဏနားထားရပါမယ်ရှင်”လို့လည်း အမဖြစ်တဲ့ အဆိုရှင် ရွှေရူပါက သူမရဲ့ ရူပါဝင်းမြင့် အကောင့်ကနေ အသိပေးထားပြီး လက်ကျိုးသွားတာလို့လည်း ဖြေဆိုထားပါတယ်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကိုစိုင်းသီဟန် ညာလက်မောင်း ပေါက်ပြဲဒဏ်ရာ ၊ ညာခြေထောက် ကျိုးဒဏ်ရာ၊ အောင်သူအောင်မှာ ဝဲဘက်လည်ပင်း ပွန်းခြစ်ဒဏ်ရာ၊ ရင်ညွန့်အောင့်ဒဏ်ရာ၊ မေတ္တာမြင့်မြတ်ဟိန်းမှာ ခါးပွန်းပဲ့ဒဏ်ရာ၊ တင်ပါးပွန်းခြစ်ဒဏ်ရာ၊ မေမြတ်နိုးခင်မျာ နှာခေါင်းသွေးထွက်၊ ဝဲဘက်လက် မောင်းကျိုးဒဏ်ရာ၊ ဝဲ/ယာ ခြေမပွန်းခြစ်ဒဏ်ရာတို့ရရှိခဲ့ပြီး Toyota Mark II ယာဉ်မှာလည်း ဦးခေါင်းရှေ့ခြမ်းတစ်ခုလုံး ကြေမွပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူလေးဦးဟာ ပဲခူးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
“ကံကောင်းထောက်မစွာ ဒဏ်ရာကြီးကြီး
မားမား မဖြစ်တာတော်သေးတယ်။
မေတ္တာမြင့်မြတ်ဟိန်း၊ ပြောင်ကြီး၊ ကိုစိုင်း၊ မေမြတ်နိုးခင် အမြန်ဆုံးကျန်းမာကြပါစေ”လို့ ပြည်သူ၊ လူရွှင်တော်ပရဟိတအသင်းက ဦးမျိုးထွန်းက ဆုမွန်ကောင်း တောင်းပေးထားပါတယ်။
ပုံစာ။ မေမြတ်နိုးခင်၊ မေတ္တာမြင့်မြင့်ဟိန်းတို့လိုက်ပါလာသောယာဥ်၏ ယာဥ်တိုက်မှုမြင်ကွင်း(ဓာတ်ပုံ – သက်ဖြိုးကြိုင်၊ ဒရမ်မာကိုတင့်)