




၂၄.၂.၂၀၂၅
Written By Thandar
ဟဲဗီးဒရာမာဇာတ်လမ်းပုံစံ “အတ္တဆူး” ဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Kantharyar Shopping Mall ရှိ Ranoon Cineplex မှာ ကျင်းပခဲ့ပါတယ်။
“ခြူးလေးက ဒီဇာတ်ကားမှာ သူများအိမ်မှာ ကပ်နေတဲ့ သနားစရာကောင်မလေး ခြူးခြူးငယ် ကာရိုက်တာနဲ့ သရုပ်ဆောင်ထားတယ်။ ဒီကားမှာ ကျောင်းသူအရွယ်၊ နောက် အသက် ၂၀ အရွယ်၊ နောက် အိမ်ထောင်သည် ဘဝအထိ အဆင့်ဆင့် ကာရိုက်တာမတူအောင် သေချာကြိုးစားသရုပ်ဆောင်ထားရပါတယ်။ ဦးနဲ့လည်း အသက် ၃၀ အရွယ် ကိုယ်နဲ့သိပ်မကွာသလိုဖြစ်အောင် ဝတ်စားဆင်ယင်မှုရော သေချာပြင်ဆင်ခဲ့ရတယ်။ ဒီဇာတ်ကားရဲ့ နာမည်အတိုင်းပဲ ဆူးတွေကြားထဲမှာ အလောင်မြိုက်ဆုံး ဆူးကတော့ အတ္တဆူးဇာတ်ကားလေးကို အားပေးကြပါဦး”လို့ သရုပ်ဆောင် ခြူးလေးက ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း အယ်လာ၊ ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်က ရေးသားထားပြီး ဒါရိုက်တာ နေပိုင်ကသရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရေချမ်း၊ ညီနန္ဒ၊ မင်းတော်ဝင်၊ ခြူးလေး၊ အကယ် ဒမီမြတ်ကေသီအောင်၊ မိုးပွင့်ဖြူ၊ Albert ပိုင်၊ သမုဒယ၊ ရှင်းသီရိသူနဲ့ အနုပညာရှင်များစွာအပြင် ကလေးသရုပ်ဆောင် ဘုန်းသီဟနိုင်၊ ဇော်လင်းထက်၊ ဇင်ဝင့်ထည်တို့ ပါဝင်ထားကြပါတယ်။
အပိုင်း (၂၁) ပိုင်းပါဝင်တဲ့ “အတ္တဆူး” ဇာတ်လမ်းတွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှစတင်ပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့ ည ၇ နာရီတိုင်းမှာ M Entertainment Channel ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေပြီးတော့ ပြန်လည်ပြသချိန် အနေနဲ့ နံနက် ၈ နာရီနဲ့ နေ့လယ် ၁ နာရီတို့မှာ ပြသမှာလည်းဖြစ်ပါတယ်။