
၂၄.၂.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်ဟာ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ ဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းက ဖုန်းနဲ့ဆက်သွယ် စကားပြောခဲ့ကြတယ်လို့ နိုင်ငံပိုင် CCTV သတင်းဌာနက ပြောကြားခဲ့ပါတယ်။
ဒါက ၂၀၂၅ ခုနှစ်အတွင်းမှာ ခေါင်းဆောင်နှစ်ဦးရဲ့ ဒုတိယမြောက် ဖုန်းဆက်ပြောဆိုကြမှုလည်း ဖြစ်ပါတယ်။
အခုလိုဖုန်းပြောကြားမှုက ယူကရိန်းကို ရုရှားကဝင်ရောက်တိုက်ခိုက်ခဲ့တာ သုံးနှစ်ပြည့်တဲ့အချိန်မှာလည်း ဖြစ်ပါတယ်။ ဒီလဆန်းပိုင်းက ရုရှားသမ္မတပူတင်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ တွေ့ဆုံကြရေးအတွက် ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ပြီးနောက်ပိုင်းလည်း ဖြစ်နေပါတယ်။ခေါင်းဆောင်နှစ်ဦးက ယူကရိန်းအရေးသက်သက်ကိုပဲမဟုတ်ဘဲ ကမ္ဘာ့ရေးရာတွေကိုလည်း အလေးထား ပြောကြားခဲ့ကြတယ်လို့ ရုရှားအစိုးရက ပြောခဲ့ပါတယ်။
ပူတင်က ရှီကို မကြာခင်က ရုရှားနဲ့အမေရိကန်ဆက်ဆံရေးတွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့တဲ့အခါမှာ ရှီက တရုတ်နိုင်ငံအနေနဲ့ ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက် ရုရှားနဲ့သဘောတူညီချက်တစ်ခုရရှိရေး အမေရိကန်သမ္မတ ထရန့် ရဲ့ အားထုတ်မှုအပါအဝင် ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းမှုတွေ အားလုံးကို ထောက်ခံတယ်လို့လည်း ပြောခဲ့တယ်လို့ သိရပါတယ်။
အခုလို ခေါင်းဆောင်နှစ်ဦးရဲ့ ဖုန်းပြောဆိုမှုက နှစ်နိုင်ငံအကြား မဟာမိတ်အဖြစ်တည်ရှိမှုရဲ့ ခိုင်မြဲမှုနဲ့ ရေရှည်တည်မြဲမှုကို မီးမောင်းထိုးပြခဲ့တာလို့လည်း ဆိုကြပါတယ်။ သမ္မတရှီက တရုတ်-ရုရှားဆက်ဆံရေးဟာ ခိုင်မာတဲ့အတွင်းတွန်းအားရှိပြီး ပြည့်စုံတဲ့မဟာဗျူဟာမြောက်တန်ဖိုးလည်းရှိတယ်။ ဒါကြောင့် ဘယ်တတိယနိုင်ငံကမှလည်း လွှမ်းမိုးလို့မရဘူးလို့လည်း ပြောခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ရှီက တရုတ်နဲ့ ရုရှားတို့ရဲ့ ဖွံ့ဖြိုးမှုရှိတဲ့ မဟာဗျူဟာတွေနဲ့ နိုင်ငံခြားရေးမူဝါဒတွေအ ရေရှည်ခိုင်မြဲပါတယ်လို့ ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
အိမ်ဖြူတော်သတင်းပြန်ကြားရေးအတွင်းရေးမှူး ကာရိုလိုင်း လီဗစ်ကတော့ ထရန့် အနေနဲ့ ယူကရိန်းစစ်ပွဲကိုရပ်ဆိုင်းဖို့ သဘောတူညီချက်တစ်ခုရရှိရေး ကြိုးပမ်းနေပြီး ဒီအပတ်အတွင်းမှာပဲ ဖြစ်နိုင်တယ်လို့ ဖေဖော်ဝါရီလ ၂၂ ရက်က ပြောခဲ့ပါတယ်။
Ref- SCMP, Reuters