MT News
Written by Min Mahar
မဟာအောင်မြေမြို့နယ်ရှိ မဟာနွယ်စဥ်ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်၌ရှိနေစဉ် လူငယ်နှစ်ဦးက လာရောက်၍ ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှု ဇန်နဝါရီ ၁၅ ရက်က ဖြစ်ပွားခဲ့ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီ ၁၅ ရက် မွန်းလွှဲ ၁ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက် ၆၉ (B)လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားတွင် အသက် ၆၅ နှစ်အရွယ် မဟာနွယ်စဉ်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် နေအိမ်၌ရှိနေစဉ်အတွင်း ဆိုင်ကယ် ၁ စီးဖြင့် လူငယ် ၂ ဦးရောက်လာပြီး အိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ၁ ချက် ဦးခေါင်းသို့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“ကွင်းဆင်းစစ်ဆေးပြီး ပြန်ရောက်လာချိန် လူ ၂ ယောက်ကအိမ်ထဲဝင်လာပြီး သေနတ်နဲ့ပစ်သတ်လိုက်တာ။ ထိုင်ကန်တော့ပြီး တောင်းပန်တာတောင်မရဘူး” ဟု အိမ်နီး ချင်းနေထိုင်သူတစ်ဦးက ဆိုသည်။
အဆိုပါပစ်ခတ်မှုကြောင့် မဟာနွယ်စဥ်အုပ်ချုပ်ရေးမှူးမှာ ဦးခေါင်းထိပ်မှ ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး နေရာတွင်ပင်သေဆုံးသွားခဲ့၍ မဟာနာမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။