
၂၄. ၂. ၂၀၂၅
Written by Nay Moe
လက်ပံတန်းမြို့နယ်က မှော်အင်းအုပ်စုအုပ်ချုပ်ရေးမှူးဦးသန်းဦးကို သာယာဝတီ PDF နှစ်ဖွဲ့က ဒီမနက်မှာ ကျည် ၁၂ ချက်နဲ့ ပစ်သတ်ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေကြေး၊ လက်ပစ်ဗုံးအပါအဝင် ပါရှိပစ္စည်းတွေကို လုယက်သိမ်းယူခဲ့တယ်လို့ ကျူးလွန်တဲ့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂) နဲ့ တပ်ခွဲ (၃)က ဝန်ခံထားပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဦးဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် မနက် ၈ နာရီ ၁၀ မိနစ်မှာ ပျူစောထီးလို့ PDF တွေ တံဆိပ်ကပ်ထားသူ ၁ဦး၊ ရာအိမ်မှူး ၁ ဦး တို့နဲ့အတူ လက်ပံတန်းမြို့ဘက်ကို ဆိုင်ကယ်စီးလာချိန် လွှစင်ကုန်း တာဆုံမှာ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂) နဲ့ တပ်ခွဲ (၃) PDF တွေ ပူးပေါင်းပြီး အုပ်ချုပ်ရေးမှူး ဦးသန်းဦးကိုသေနတ်ကျည် ၁၂ ချက်နဲ့ ပစ်သတ်လိုက်တာပါ။

အုပ်ချုပ်ရေးမှူး ဦးသန်းဦးကို PDF နှစ်ဖွဲ့ ချောင်းမြောင်း ပစ်ခတ်ခံရလို့ သေဆုံးသွားပြီးနောက်မှာ ကျန်သူတွေက ထွက်ပြေးသွားကြပြီး လက်ပစ်ဗုံး၂ လုံး၊ ငွေသား ကျပ် ၁ သိန်း၊ ဆိုင်ကယ် ၁ စီး၊ စည်းတံဆိပ်တုံး ၂ ခု၊ မှတ်ပုံတင်၂ ခု၊ စစ်မှုထမ်းရမယ့် အမည်စာရင်းပါ စာရွက်စာတမ်းတွေနဲ့ အခြားစာရွက်စာတမ်းတွေကို သာယာဝတီ PDF တွေက လုယက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးသန်းဦးဟာ ပျူစောထီးအဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ဖိအားပေးလူစုတာ၊ စစ်မှုထမ်းကြေးဆိုပြီး ပြည်သူတွေဆီက ငွေကြေးများစွာ အတင်းအကြပ်ကောက်ခံပြီး ငွေမပေးသူတွေကို စစ်တပ်ခေါ်ဖမ်းဆီးခိုင်းတာ၊ လက်ပစ်ဗုံးနဲ့ သေနတ်ပြပြီး ပြည်သူတွေကို ခြိမ်းခြောက်ကာ အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံတာကြောင့် သတ်ဖြတ်တာလို့ ကျူးလွန်တဲ့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၂) နဲ့ တပ်ခွဲ (၃) က ဆင်ခြေပေးပေမဲ့ ဒီစွပ်စွဲချက်တွေ မှန်မမှန် MT News က အတည်မပြုနိုင်ဘဲ ကျူးလွန်တဲ့ PDF တွေရဲ့ ဝန်ခံချက်ကိုသာ ဖော်ပြတာဖြစ်ပါတယ်။
ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ အများအပြား သတ်ဖြတ်ခံရတဲ့ တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးပါတယ်။ နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ်အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF, EAOs တို့ရဲ့ သတ်ဖြတ်မှုကို ခံထားရပါတယ်။