
၂၄.၂.၂၀၂၅.
Translated by Htwe Ko Tun
ယူကရိန်း-ရုရှား စစ်ပွဲမှာ သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်က ယူကရိန်းရဲ့ အဓိကစစ်လက်နက်ပစ္စည်းထောက်ပံ့သူအဖြစ်ရပ်တည်ခဲ့တဲ့ အမေရိကန်အစိုးရကိုယ်တိုင်က သမ္မတ ဒေါ်နယ်ထရန့် လက်ထက်မှာတော့ စစ်ပွဲရပ်စဲရေး ဖိအားပေးလာတဲ့အပြင် ဆက်လက်ထောက်ပံ့ဖို့လည်း မရေမရာဖြစ်လာပြီးခဲ့တဲ့နောက် ယူကရိန်းသမ္မတ ဇယ်လန်စကီးက ယူကရိန်းနိုင်ငံအတွက် ငြိမ်းချမ်းရေးသာသေချာရင် သူ့အနေနဲ့ သမ္မတရာထူးကိုစွန့်လွှတ်ဖို့အဆင်သင့်ပါပဲလို့ ကီးအက်ဗ်မြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက်က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း ယူကရိန်းမှာ စစ်အုပ်ချုပ်ရေးနဲ့ တားမြစ်ထားတဲ့ကြားကကို ရွေးကောက်ပွဲပြုလုပ်ရေးအတွက် အသံတွေကိုလည်း ပိုကြားလာရတာပါ။ ၂၀၁၉ ခုနှစ်က သမ္မတသက်တမ်းအတွက် ငါးနှစ်တာအရွေးခံခဲ့ရတဲ့ ဇယ်လန်စကီးဟာ ၂၀၂၄ ခုနှစ်မှာ ကျင်းပဖို့ရှိတဲ့ရွေးကောက်ပွဲကို စစ်ပွဲအကြောင်းပြကာ မကျင်းပသေးဘဲ နေခဲ့ပါတယ်။ ဒါကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လက်ထက်မှာတော့ ရွေးကောက်ပွဲတွေကို ကျင်းပမပေးဘဲ အာဏာဆုပ်ကိုင်ထားလိုတဲ့ ယူကရိန်းခေါင်းဆောင်အဖြစ် စွပ်စွဲတိုက်ခိုက်မှုပြုနေပါတယ်။
ဇယ်လန်စကီးက “ကျွန်တော့်အနေနဲ့ တိုင်းပြည်လုံခြုံရေးကိုပဲ အလေးထားနေတာပါ။ နောက်နှစ် ၂၀ လောက်မပြောနဲ့။ နောက်ဆယ်နှစ်တောင် ကျွန်တော်အာဏာကိုရယူထားမှာမဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။
ယူကရိန်းအစိုးရက ရုရှားအနေနဲ့ နိုင်ငံအတွင်းဗုံးများ အဆက်မပြတ်ကြဲကာ ပိုင်နက်နယ်မြေရဲ့ ငါးပုံတစ်ပုံကို သိမ်းပိုက်ထားတာကြောင့် စစ်အုပ်ချုပ်ရေးနဲ့အညီ အုပ်ချုပ်နေရချိန်မှာ စစ်ပွဲကာလအတွင်း ရွေးကောက်ပွဲတွေ ကျင်းပပေးမှာမဟုတ်ဘူးလို့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။
ဒါပေမယ့် ခုအခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းအစိုးရကို ရုရှားအစိုးရနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးပွဲတွေ ဖေဖော်ဝါရီလအတွင်းမှာပဲပြုလုပ်ဖို့ ဖိအားပေးလာတာနဲ့အတူ အပစ်အခတ်ရပ်စဲရေးသဘောတူအပြီး သိပ်မကြာခင်မှာ ရွေးကောက်ပွဲတွေ ယူကရိန်းမှာ ကျင်းပနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
ဒီလို ရွေးကောက်ပွဲလုပ်ဖို့ အခက်အခဲတွေရှိနေတယ်ဆိုခြင်းက သမ္မတ ထရန့်ကို ရုရှားရဲ့ မူဝါဒတွေအတိုင်း ထပ်ခါထပ်ခါပြောဆိုနေမှုနဲ့ ဇယ်လန်စကီးကို အာဏာရှင်တစ်ယောက်အဖြစ် စွပ်စွဲနေတာတို့ကိုတော့ ရပ်တန့်မသွားစေနိုင်ခဲ့ပါဘူး။
ယူကရိန်းနိုင်ငံမှ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက လုံခြုံရေးအာမခံချက်တွေနဲ့ အပစ်အခတ်ရပ်စဲမှု၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေအပါအဝင် ရွေးကောက်ပွဲအတွက် သက်ဆိုင်တဲ့ အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရေးတို့ကို ဦးစွာဆောင်ရွက်ရမှာဖြစ်လို့ စစ်ပွဲကာလအတွင်း ရွေးကောက်ပွဲကျင်းပဖို့က မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြပါတယ်။
ဇယ်လန်စကီးအစိုးရကတော့ စစ်ပွဲပြီးဆုံးတာနဲ့ ရွေးကောက်ပွဲ ချက်ချင်းပြုလုပ်ပေးမယ်ဆိုတာ ကတိပြုခဲ့ပါတယ်။ ဒါကြောင့် စစ်သားတွေနဲ့ ဒုက္ခသည်တွေကိုလည်း မဲပေးပွဲမှာ လုံခြုံစွာ ပါဝင်ခွင့်ရကြစေမှာပါ။
ယူကရိန်းနိုင်ငံမှ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ ကြေညာချက်တစ်ရပ်မှာ စစ်အုပ်ချုပ်ရေးပြီးဆုံးပြီးတဲ့နောက် ခြောက်လထက်မစောဘဲ ယူကရိန်းနိုင်ငံရွေးကောက်ပွဲကို ပြန်လည်ကျင်းပဖို့ အစိုးရ၊ အတိုက်အခံနဲ့ ပြည်သူတွေကပါ သဘောတူကြတယ်လို့ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလအတွင်း ဆန္ဒမဲဆန်းစစ်ချက်တစ်ခုအရတော့ ယူကရိန်းပြည်သူ ၆၉ ရာခိုင်နှုန်းက ဇယ်လန်ဇကီးကို စစ်အုပ်ချုပ်ရေးပြီးဆုံးပြီးနောက် နောက်ထပ်ရွေးကောက်ပွဲကျင်းပပြီးတဲ့အထိ သမ္မတတာဝန် ယူထားသင့်တယ်လို့ ယုံကြည်ကြတယ် ဆိုပါတယ်။ အတိုက်အခံတွေကလည်း ဒါကိုထောက်ခံကြပြီး ရွေးကောက်ပွဲကိုအသုံးပြုပြီးတော့ ရုရှားက ပြည်သူတွေအတွင်း ကွေးကွဲအောင်ဖန်တီးလာနိုင်တယ်လို့ သတိပေးခဲ့ကြပါတယ်။
Ref- Kyiv Post