
စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ဆက်သွယ်ရေး၊ နည်းပညာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စာချုပ် စာတမ်း ၉ ခု လက်မှတ်ရေးထိုး
၂၄. ၂. ၂၀၂၅
Written by Nyein Kyaw
ပဉ္စမအကြိမ် ရုရှား – မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးအား ကော်မရှင်၏ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာမက်ဆင်းရယ်ရှဲသငြိကော့ဗ်တို့ ဦးဆောင်၍ ယမန့်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာ-ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်ဆက်ဆံရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့် အချိန်မှစပြီး အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ – Eurasian Economic Union (EAEU) နှင့် ပူးပေါင်းကာ ဥရောပဈေးကွက်သို့ ဝင်ရောက်နိုင်ပြီး ရုရှားနိုင်ငံအနေဖြင့်လည်း အာရှဈေးကွက်သို့ ပိုမိုချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများရှိကြောင်း၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးနှင့် ခေတ်မီစက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် ရုရှားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပါကြောင်း မြန်မာဘက်မှ ပူးတွဲကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းကဏ္ဍပိုမိုတိုးတက်လာစေရန်အတွက် တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲလျက်ရှိကြောင်း၊ ယခုအစည်းအဝေး၏ ဆွေးနွေးမှုရလဒ်များနှင့် သဘောတူညီချက်များမှတစ်ဆင့် နှစ်နိုင်ငံအကြား အပြန်အလှန်ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်ကာ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားခဲ့သည်။
ရုရှားဘက်မှ ပူးတွဲကော်မရှင်ဥက္ကဋ္ဌက စတုတ္ထအကြိမ် ကော်မရှင်အစည်းအဝေးကျင်းပပြီးနောက်ပိုင်း ရုရှား-မြန်မာ နှစ်နိုင်ငံအကြား သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုသာမက အခြေခံအဆောက်အအုံစီမံကိန်းများ၊ ဘဏ်လုပ်ငန်းကဏ္ဍပူးပေါင်းဆောင်ရွက်မှုများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာစီးပွားရေးလုပ်ငန်းများကိုလည်း ရုရှားဈေးကွက်က ကြိုဆိုလျက်ရှိကြောင်း၊ ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကိုလည်း ဆက်လက်ကျင်းပကာ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း ဆက်သွယ်မှုကွန်ရက်များကို တိုးချဲ့နိုင်မည်ဖြစ်ကြောင်း၊ မြန်မာ-ရုရှား ကုန်သွယ်မှုပမာဏတိုးမြင့်ရေးအတွက် စွမ်းအင်၊ နျူကလီးယားနယ်ပယ်၊ စိုက်ပျိုးရေးနှင့် သတ္တုကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံအလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ပဉ္စမအကြိမ် ကော်မရှင်အစည်းအဝေး၌ နှစ်နိုင်ငံသဘောတူစာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်း အခမ်းအနား ဆက်လက်ကျင်းပခဲ့ရာ နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ဆက်သွယ်ရေး၊ နည်းပညာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စာချုပ်စာတမ်း ၉ ခုကို သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးလဲလှယ်ကြခဲ့သည်။
ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲ (၁) အဖြစ် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စကားဝိုင်း၊ စကားဝိုင်းဆွေးနွေးပွဲ (၂)အဖြစ် ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ စကားဝိုင်းနှင့် စကားဝိုင်းဆွေးနွေးပွဲ(၃)အဖြစ် အလုပ်သမားကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စကားဝိုင်းကို ကျင်းပကြပြီး နှစ်နိုင်ငံအစိုးရဌာနများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက တက်ကြွစွာ ပါဝင်ဆွေးနွေးကြခဲ့ကြောင်း သိရသည်။
အဆိုပါ ပဉ္စမအကြိမ် ကော်မရှင်အစည်းအဝေးတွင် သီးသန့်အစည်းအဝေး၊ မျက်နှာစုံညီအစည်းအဝေး၊ လက်မှတ်ရေးထိုးပွဲအခမ်းအနားနှင့် စီးပွားရေးဖိုရမ်တို့သို့ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နှစ်နိုင်ငံကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် မြန်မာ-ရုရှား စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။