
၂၄. ၂. ၂၀၂၅
Written by Nyein Kyaw
နေပြည်တော်-ရန်ကုန်-နေပြည်တော် ခရီးစဉ်များအား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ အသိပေး ထုတ်ပြန်ထားသည်။
အများပြည်သူလူထု ရထားဖြင့် ခရီးသွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက် အဓိကရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန် – မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်း လမ်းပိုင်း၊ ပျဉ်းမနား – တောင်တွင်းကြီးလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား- မိုးကောင်းလမ်းပိုင်း၊ လက်ပံတန်း-သာရဝေါလမ်းပိုင်းနှင့် သာစည်-ရွှေညောင်လမ်းပိုင်း စသည့်လမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိသည်။
ထို့သို့ ပြေးဆွဲလျက်ရှိရာ ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ နေပြည်တော်- ရန်ကုန်- နေပြည်တော်ခရီးစဉ်အား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခေတ်မီ DEMU ရထားတွဲဆိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်အထိ စတင်စမ်းသပ်ပြေးဆွဲသည့် ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီတွင် နေပြည်တော်ဘူတာကြီးမှ စတင်ထွက်ခွာခဲ့ပြီး မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၅ (MSME) နေပြည်တော်သို့ တက်ရောက်လာကြသည့် ကုမ္ပဏီအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂလိကလုပ်ငန်းရှင်များအပါအဝင် ခရီးသွားပြည်သူ ၁၃၀ လိုက်ပါစီးနင်းခဲ့ကြကာ ရန်ကုန်ဘူတာသို့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် ရောက်ရှိကြောင်းနှင့် နေပြည်တော်မှ ရန်ကုန်သို့ ဘူတာစဉ်ရပ်တန့်ချိန်များအပါအဝင် ခရီးသွားချိန် ၅ နာရီ မိနစ် ၅၀ ကြာမြင့်ကြောင်း သိရှိရသည်။
အဆင့်မြှင့်တင်ပြီးဖြစ်သည့် ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်း၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ပြေးဆွဲမည့် DEMU ရထားတွင် ပထမတန်းလေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်းတွဲဆိုင်းခြောက်တွဲဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး နေပြည်တော် – မန္တလေးပြေးဆွဲမည့် လေအိတ်ရထားခရီးစဉ်အတွက် ရိုးရိုးတန်းလေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်း တွဲဆိုင်းခြောက်တွဲဖြင့် ခရီးသည် ၃၃၀ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကာ ရထားအချိန်စာရင်းနှင့် လက်မှတ်ခနှုန်းထားတို့ကို မြန်မာ့မီးရထားမှ ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။