



၂၄.၂.၂၀၂၅
Written by KL
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ဟိုနောင်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၃ နာရီခန့်က ဟွန်ဒါဖစ်မော်တော်ယာဥ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဓာတ်တိုင်ကို ဝင်တိုက်ရာမှ တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် ပါရမီလူမှုကူညီရေးအသင်း မိုင်းယု(၁၀၅)မိုင်ထံမှ သိရသည်။
“ကားပေါ်မှာ ၆ ယောက်ပါလာတာ။ ယာဥ်တိုက်မှုဖြစ်လို့ အမျိုးသားတစ်ယောက်ကတော့ နေရာမှာတင်ဆုံးသွားတယ်။ အမျိုးသားနှစ်ယောက်လည်း ဒဏ်ရာတွေရပေမယ့် မစိုးရိမ်ရပါဘူး”ဟု ပါရမီလူမှုကူညီရေးအသင်း မိုင်းယု(၁၀၅)မိုင်မှ အသင်းဝင်တစ်ဦးက ပြောသည်။
သေဆုံးသူမှာ အသက် ၃၅ နှစ်ဝန်းကျင်ရှိပြီး လည်ပင်းနှင့် မေးစေ့၊ နားထင်ပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူအမျိုးသားနှစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာများသာ ရရှိခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုဖြစ်ရာနေရာသို့ ပါရမီလူမှုကူညီရေးအသင်း မိုင်းယု(၁၀၅)မိုင်မှ အသင်းဝင် ၃ ဦးက သွားရောက်ကူညီပေးခဲ့ပြီး သေဆုံးသူအမျိုးသားကို မူဆယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံနှင့် ဒဏ်ရာရရှိသူနှစ်ဦးကို ၁၀၅ မိုင်ရှိ ဆေးခန်းတစ်ခုသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။