၁၇. ၁. ၂၀၂၃
Written by Myo Khine
၁၅ နာရီခွဲခန့် ကြာခဲ့သော Grand Royal အရက်ချက်စက်ရုံ မီးလောင်မှု၏ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၆ သောင်းခန့် ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ စာရင်းများအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် အမှတ်(၄) လမ်းမကြီးပေါ်ရှိ Grand Royal အရက်ချက်စက်ရုံ၏ မီးလောင်မှုမှာ ဇန်နဝါရီ ၁၃ ရက်(သောကြာနေ့)ညနေ ၃ နာရီခွဲခန့်က စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး နောက်တစ်နေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၇ နာရီကျော်အချိန်မှသာ အပြီးသတ်မီးငြိမ်းခဲ့ခြင်းလည်း ဖြစ်သည်။
မီးလောင်မှုမှာ Level 3 အဆင့်ဖြစ်ပြီး ယင်းမီးလောင်မှု ဖြစ်ပွားရာနေရာသို့ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနများမှ မီးသတ်ရဲဘော်များသွားရောက် ကူညီကယ်ဆယ်ရေးများလုပ်ဆောင်ခဲ့ကြရပြီး မီးငြှိမ်းသတ် ယာဉ် အစီး ၄၀၊ ရေသယ်ယာဉ် ၁၉ စီး၊ အထောက်အကူပြုယာဉ် ၂၂ စီး၊ ကွပ်ကဲမှုယာဉ် ၈ စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ ဝင် ၅၀၃ ဦး၊ အရန် တပ်ဖွဲ့ဝင် ၉၇ ဦးနှင့် ရန်ကုန်တိုင်းအတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။
မီးလောင်နေစဉ် စက်ရုံအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် မီးငြှိမ်းသတ်နေသည့်အရာရှိနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးအပါအဝင် စုစုပေါင်း ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
“ဒဏ်ရာရခဲ့တာ ၂၁ ယောက် ရှိခဲ့ပါတယ်။ မီးသတ်က ၁၂ ယောက်၊ ပရဟိတက ၆ ယောက်နဲ့ ရပ်ကွက်က အရပ်သား တစ်ယောက် ဖြစ်ပါတယ်။ အခုက ဆေးရုံမှာ ၂ ယောက် ကျန်နေခဲ့ပါတယ်။ အရာရှိတစ်ယောက်နဲ့ သန္ဓေ တစ်ယောက်ပါ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ မီးလောင်ဒဏ်ရာက နည်းနည်း များတယ်။ကျောကုန်းတွေ၊ လည်ကုတ်တွေမှာလေ။ မီးလောင်ရတဲ့ အသေးစိတ်အကြောင်းကို စစ်ဆေးနေတုန်းပါ။ မသမာသူရှို့မီးလား၊ ဘာလား ဆိုတာကိုပေါ့။ ဒါပေမဲ့ မသမာသူရှို့မီးတော့ မဖြစ်နိုင်ဘူး။ စက်ရုံထဲမှာ လုပ်ရင်းကိုင်ရင်း တစ်ခုခု ချို့ယွင်းပြီးလောင်တာလို့ ယူဆရပါတယ်။ ပြင်ပ ပယောဂကြောင့် မဖြစ်နိုင်ဘူး။ စက်ရုံက လုံခြုံရေးလည်းကောင်းပါတယ်။ မီးပွားတစ်ခုခု ကျရာကနေ လောင်တယ်လို့ ယူဆလို့ ရပါတယ်”ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ အရာရှိတစ်ဦးက MT News သို့ပြောသည်။
မီးလောင်မှုကြောင့် စက်ရုံရှိ RF 96% အရက်ဆီဂါလန် (၅၀၀၀၀)ဆံ့ Tank (၃)လုံး၊ RF 50% အရက်ဆီလီတာ (၂၀၀၀၀)ဆံ့ Tank (၆)လုံးနှင့်ဂိုဒေါင် (၃)လုံး စသည့် အဆောက်အအုံများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။