
၂၃.၂.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊အမှတ် (၁၀)ရပ်ကွက်၊ တပင်ရွှေထီးလမ်းပေါ်ရှိ ကားလမ်းဘေးတွင် ယနေ့ ဖေဖော်ဝါရီလ ၂၃ရက်၊ မွန်းလွဲ ၁ နာရီကျော်က ကုက္ကိုပင်နှင့် ကုက္ကိုပင်ကို ကာရံထားသော အုတ်ရိုးကြားတွင် အဘိုးအိုတစ်ဦးညပ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အသက် ၇၃ နှစ်အရွယ်ရှိ အဘိုးအိုမှာ အုတ်ရိုးပေါ်တွင် ထိုင်နေရာမှ လဲကျကာ ကုက္ကိုပင်နှင့် အုတ်ရိုးကြားတွင် ညပ်နေခဲ့ခြင်းဖြစ်ကြောင်း အဘိုးအိုကို မီးသတ်တပ်ဖွဲ့ဝင်များက ၃ မိနစ်ကြာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။
“အဘိုးက ထိုင်နေရင်း ရုတ်တရက် လဲကျသွားတာ။ ခေါင်းက ညပ်နေပြီး ထလို့မရတော့ဘူးဖြစ်သွားတာ”ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောသည်။
အဘိုးအိုကို ကယ်ဆယ်ပြီးနောက် သံသရာခရီးသည် လူမှုကူညီရေးအသင်းပိုင်ယာဥ်ဖြင့် အမှတ် (၁၁)ရပ်ကွက်၊ ဧရာဝတီလမ်းရှိ ၎င်း၏ နေအိမ်ရှိရာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။