၁၆. ၁. ၂၀၂၃
Written by Nay Aung
ပဋိပက္ခ သို့မဟုတ် နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းများမှ ရုန်းထွက်နိုင်ခြင်းမရှိပါက၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ထပ်မံ၍ ခက်ခက်ခဲခဲရုန်းကန်ရမည့် နှစ်တစ်နှစ်ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီးလူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအခြေအနေများကို သုံးသပ်သတင်းထုတ်ပြန်ခဲ့ရာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သောနှစ်က လူသားချင်းဆိုင်ရာစာနာမှုအကူညီလိုအပ်သူအရေအတွက်သည် ၁၄ ဒသမ ၄ သန်းကျော်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်အကူအညီလိုအပ်သူ အရေအတွက် မြင့်တက်လာဖွယ်ရှိနေကာ လူပေါင်း ၁၇ ဒသမ ၆ သန်းခန့် လူသားချင်းဆိုင်ရာစာနာမှုအကူညီလိုအပ်ဖွယ်ရှိနေကြောင်း OCHAကဆိုသည်။
မြန်မာနိုင်ငံတွင်အာဏာပဋိပက္ခမဖြစ်ပွားခင်က လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်သူအရေအတွက်တစ်သန်းပင်မရှိခဲ့သော်လည်း လက်ရှိအချိန်တွင် များစွာမြင့်တက်လာကြောင်း သိရသည်။
OCHA ၏အဆိုအရ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးမတည်ငြိမ်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများဆက်လက်ဖြစ်ပွားခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးသူမြင့်တက်လာခြင်းများ၊ စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးခြင်းများအပြင် အခြေခံဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်မှုမရှိခြင်းများ ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေး ရုံး က သုံးသပ်ထားသည်။
လက်နက်ပဋိပက္ခဖြစ်ပွားမှု မကြာခဏဖြစ်ပွားခြင်းနှင့် ဖြစ်ပွားမှုမြင့်တက်လာခြင်းကြောင့် မြန်မာလူအဖွဲ့အစည်းအတွင်း နေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက် သည် ၂၀၂၃ ခုနှစ်အတွင်း ၁ ဒသမ ၄ သန်းခန့် ထပ်မံမြင့်တက်လာဖွယ်ရှိနေသည်။
ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ပြည်သူများကို ကာကွယ်ပေးမှု နည်းပါးဖွယ်ရှိနေသလို လက်နက်ကိုင်အဖွဲ့များ၏ ခြိမ်းခြောက်ခြင်း၊ လူသစ်စုဆောင်းခြင်းများ၊ လူကုန်ကူးမှုများ၊ လူအခွင့်ရေးချိုးဖောက်မှုများ မြင့်တက်လာမည်ဟု မျှော်လင့်ရကြောင်း OCHA ကသုံးသပ်သည်။
လက်နက်ပဋိပက္ခများနှင့် နေရပ်စွန့်ခွာထွက်ပြေးသူများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်မှု အဟန့်အ တားများ ဖြစ်လာဖွယ်ရှိနေပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကြောင့်လည်း နိုင်ငံအတွင်းရှိ အစားအစာရရှိမှုနှင့် စီးပွားရေးအပေါ် သက်ရောက်မှုများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သုံးသပ်ထားသည်။ အစားအစာ လုံခြုံမှုမရှိခြင်းကို ရင်ဆိုင်ရမည့် လူဦးရေသည် ၂၀၂၂ ခုနှစ်တွင် ၁၃ ဒသမ ၂ သန်းရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် လူဦးရေ ၁၅ ဒသမ ၂သန်းအထိ မြင့်တက်လာဖွယ်ရှိနေကြောင်းလည်း OCHA က သုံးသပ်ခဲ့သည်။
ref reliefweb