




၂၃.၂.၂၀၂၅
Written By Thandar
တာမွေမြိုနယ်၊ အောင်မင်္ဂလာလမ်းရှိ “စရီသီလိုက်မာ ကာလီယမ္မာန်မယ်တော်ကြီး” ဘုရားကျောင်းမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ယုံကြည်ကိုးကွယ်ရာ မီးနင်းပွဲတော်ကို တော့ နှစ်စဉ် စဉ်ဆက်မပြတ် ကျင်းပခဲ့ရာ ယနေ့ ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာဖြစ်ပါတယ်။
“ညီမ အဓိဌာန်ထားတဲ့ အရာလေး အောင်မြင်မှုရရှိခဲ့တဲ့ အတွက် နှစ်စဉ် ကိုယ့်ရိုးရာကို ကန်တော့တဲ့အနေနဲ့ နနွင်းဝတ်ပြီး အပ်ထိုးပြီးတော့ မီးနင်းတာပါ။ ညီမ ဒီလိုအဓိဌာန်ပြီးတော့ မီးနင်းတာဆိုရင်တော့ ၄ နှစ် ရှိပါပြီ။ မီးနင်းပွဲ ကာလရောက်ရင် ဘယ်လိုအဆင်မပြေမှုတွေဘဲ ဖြစ်ဖြစ် ပွဲတော်နားနီးရင် အဆင်ပြေသွားပါတယ်။ မယ်တော်က ဆုတောင်းက အရမ်းလည်းပြည့်ပါတယ် ” လို့ မီးနင်းသူတစ်ဦးက MT Entertainment ကို ပြောပါတယ်။
ဒီဘုရားပွဲတော်မှာတော့ လူမျိုးဘာသာမရွေး ကိုယ်ရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့အတူ အဓိဌာန်ဝင် ဥပုသ်စောင့်ပြီး မီးနင်းခဲ့ကြတာလည်းဖြစ်ပါတယ်။ အောင်မင်္ဂလာဘုရားပွဲကာလအနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကနေ ဖေဖော်ဝါရီ ၂၃ ရက်အထိ ၁၀ ရက်တိုင်တိုင်ကိုတော့ သားသတ်လွတ် စတုဒိသာအလှူ ကျွေးမွေးခဲ့တာလည်း ဖြစ်ပါတယ်။





အဓိဌာန်အောင်မြင်သူတွေက မီးနင်းပွဲတော်မှာ ဥပုသ်သီလစောင့်ယူပြီးတော့ နနွင်းဝတ် ဝတ်ဆင်ထားသူ လူဦးရေ အယောက် ၃၀၀ ကတော့ မယ်တော်ကြီးကို ရည်စူးပြီး ခန္ဓာကိုယ်မှာ သံချွန်တွေနဲ့ထိုးပြီး ကလေးငယ်ကိုချီတာ စတာတွေနဲ့ မီးနင်းခဲ့ကြတာလည်းဖြစ်ပါတယ်။
ဒီမီးနင်းပွဲတော်ရက်ဆိုရင်တော့ အလှဆင်ထားတဲ့ နွားချောကြီးတွေနဲ့ ဘုရားတင်ပြီးလှည့်လည်သလို အောင်မင်္ဂလာလမ်းမကြီးဟာ လုံးဝစည်စည်ကားကားနဲ့ လာ ရောက်လည်ပတ်သူတွေကိုလည်း ဖာလူဒါ ၊ အအေး၊ ရေသန့်စတာတွေကို ဒါနကုသိုလ်ပြု လှူဒါန်းခဲ့ကြပါတယ်။
ကိုဗစ်ကာလအတွင်းက မီးနင်းပွဲကို ကျင်းပခဲ့တာ မရှိခဲ့ဘဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ပြန်လည်ပြီး မီးနင်းပွဲတော် ကျင်းပခဲ့တာဖြစ်ပြီးတော့ လူဦးရေ အယောက် ၂၀၀ သာ ပါဝင်မီးနင်းခဲ့ကြသလို ယခု ၂၀၂၅ ခုနှစ်မှာတော့ လူဦး ရေ ၃၀၀ ပါဝင်ဆင်နွှဲခဲ့ကြတာလည်းဖြစ်ပါတယ်။
ဒါ့ပြင် အဆိုပါ ကျောင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းကလည်း တတိယအကြိမ်မြောက် စရီအယပ္ပါးဆွာမိ အထူးပူဇော်ပွဲကြီးကို ကျင်းပခဲ့ပါသေးတယ်။