၂၃.၂.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊အရှေ့ရပ်ကွက်၊ ယင်းမာပင်လမ်း၊ ဇေယျာထွန်းလွန်းကျင်း၊ ခနောင်တိုချောင်းအတွင်းတွင် ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၉ နာရီ ၄၄ မိနစ်ခန့်က ရပ်ထားသော နှစ်ထပ်ရေယာဥ် မီးလောင်မှုမှာ သံပြားကို ကတ်တာဖြင့် ဖြတ်ရာမှ ဂတ်စ်အိုးထိ၍ မီးလောင်မှုဖြစ်သည်ဟု စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
အလျား ၁၂၈ ပေ၊ အနံ ၂၅ ပေ၊ ရေစူး ၇ ပေရှိသော “မင်္ဂလာရွှေပြည်”တွဲတွန်းနှစ်ထပ်ရေယာဥ်၌ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ဒီဇယ်ဂါလံ ၃၀၀၊ သင်္ဘောဝမ်းဗိုက်နှင့် ဆီဂျိုးများ မီးလောင်ခဲ့ကြောင်း သိရသည်။
“သင်္ဘောကို ပန်ကာတပ်ဖို့ သံပြားကို အဝိုင်းပေါက်ဖော်ဖို့အတွက် ကတ်တာနဲ့ ဖြတ်ရာကနေ အနားမှာရှိတဲ့ ဂတ်စ်အိုးကို ထိပြီး မီးလောင်တာပါ၊ လူ ၂ ယောက်တော့ ဒဏ်ရာရသွားတယ် “ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
ရေယာဥ်မီးလောင်မှုကြောင့် ရေယာဥ်လုပ်သား အသက် ၃၇ နှစ်အရွယ် ဦးကျော်လင်းနိုင်၏ ဘယ်ညာ ခြေသလုံး၊ဘယ်ညာလက်ခုံ၊ လည်ပင်း၊ ခါးတို့ မီးလောင်ခံရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ရေယာဥ်ပေါ်လိုက်ပါလာသူ မသင်းသင်းမာတွင် ညာခြေခုံ ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ အပေါ့စားစက် ၅လုံးနှင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၂၈ ဦးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၇ မိနစ်တွင် မီးငြိမ်းခဲ့သည်။
နှစ်ထပ်ရေယာဥ်မီးလောင်မှုကြောင့် ရေယာဥ်လုပ်သား ဦးကျော်လင်းနိုင်ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅၊ ၃၃၇၊ ၃၃၈ တို့ဖြင့် ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။