
၂၃. ၂. ၂၀၂၅
Written by Nay Moe
NUG ဩဇာခံ မြိုင်မြို့နယ်က ပသုံးလုံးအဖွဲ့တွေဖြစ်တဲ့ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ပြည့်တန်ဆာခန်းဖွင့် ငွေရှာနေသလို NUG နဲ့ KIA ခေါင်းဆောင်တွေလာရောက်ရင်လည်း ပြည့်တန်ဆာတွေနဲ့ ဖျော်ဖြေဧည့်ခံနေတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်ကို NUG ထောက်ခံတဲ့ ဧရာဝတီသတင်းဌာနက “အညာဒူဘိုင်း၏ နောက်ကွယ်”ဆိုတဲ့ ဆောင်းပါးနဲ့ ဖော်ထုတ်ခဲ့တာဖြစ်ပြီး ရေနံပေါတဲ့ မြိုင်ဒေသမှာ NUG ဩဇာခံ မြိုင် PDF တွေက ပြည့်တန်ဆာခန်းဖွင့်၊ အခွန်နဲ့ဆက်ကြေးကောက်၊ ဒေသခံတွေကို လက်နက်အားကိုးနဲ့ ဒဏ်ငွေရိုက် အနိုင်ကျင့်နေသလို ပြည်သူတွေက သူတို့ထောက်ခံမြှောက်ပေးခဲ့တဲ့ PDF တွေကို စိတ်ပျက်နေကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။
မြိုင်ပသုံးလုံးလက်နက်ကိုင်တွေဟာ ပြည့်တန်ဆာခန်း နေရာနှစ်နေရာဖွင့်ထားပြီး ကြက်ဆူအိုင့်ရွာအနီးမှာ ပြည့်တန်ဆာခန်း ငါးခန်း၊ ရေခါးရွာလမ်းခွဲ၊ ကျွန်းတောပြန့်ဒေသမှာ ပြည့်တန်ဆာခန်း ၁၁ ခန်းနဲ့ ကာရာအိုကေ (KTV) ဆိုင်တွေဖွင့်ထားပြီး ပြည့်တန်ဆာ ၆၀၀ ခန့်နဲ့ လည်ပတ်နေသလို ပြည့်တန်ဆာတစ်ခန်းကို ကျပ် ၄ သိန်း အခွန်ကောက်တယ်လို့ ဆိုပါတယ်။ ကြက်ဆူအိုင့်ရွာအထွက် ကျောက်ခွက် ရေနံမှော်ဘက်သွားရာ လမ်းတစ်လျှောက်က ဆိုင်များစွာကို မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်သံတုတ်က ဦးဆောင် ဖွင့်လှစ်နေပြီး၊ ကြက်ဆူအိုင့်ရွာအနီး ပြည့်တန်ဆာခန်းတွေကို ပေါက်မြို့နယ်၊ ဆုံကုန်းရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အခွန်ကောက်သလို ကျွန်းတောပြန့်က ပြည့်တန်ဆာခန်းတွေကို သရက်ကန် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အခွန်ကောက်ပြီး အဖွဲ့ခေါင်းဆောင်မင်းနိုင်က လုံခြုံရေးယူပေးထားတယ်လို့ ဧရာဝတီက ဖော်ပြထားပါတယ်။
“အထက်က လူကြီးတွေ၊ NUG က လူတွေ၊ ဟို KIA က ဒူဝါတို့၊ ဒူချွန်တို့ ရောက်လာရင်လည်း KTV တို့၊ ဖာခန်းတို့မှာပဲ ဧည့်ခံတာ။ သူတို့လာပြီဆို ခေါင်းဆောင်တွေက ရဲဘော်တစ်ယောက်ယောက်ကို ရှေ့ပြေးလွှတ်ပြီး အခန်းတွေ ကြိုရှင်းခိုင်းတယ်။ ပြီးတော့ လူကြီးတွေကို ဧည့်ခံဖို့ အဆင်ပြေမယ့် ကောင်မလေးတွေကို ကြိုရွေးခိုင်းထားတာ။ အဲဒီလိုလူကြီးတွေ လာပြီဆို ဘယ်လောက်ကုန်ကုန် ဧည့်ခံကြတယ်” လို့ PDF ဘဝကနေ စိတ်ပျက်လို့ ထွက်လာသူတစ်ယောက်ကပြောတာကိုလည်း ဧရာဝတီက ဖော်ပြထားပါတယ်။
ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ကိုင်နေသူ အမျိုးသမီး ၆၀၀ ဝန်းကျင်က အများအားဖြင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းရှိ ပခုက္ကူ၊ စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ကလေးမြို့နယ်၊ ကရင်ပြည်နယ်တို့က လာရောက် လုပ်ကိုင်ကြသူတွေနဲ့ အခြားနယ်ပေါင်းစုံက လာရောက် လုပ်ကိုင်နေသူတွေဖြစ်ပြီး NUG ဩဇာခံ ပသုံးလုံးက ချုပ်ကိုင်ထားတဲ့ ဒီ ပြည့်တန်ဆာတွေကို မိနစ် ၂၀ အတွက် ကျပ် ၁၅၀၀၀ နဲ့ လိင်ဆက်ဆံရာမှာလည်း ပြည့်တန်ဆာက ကျပ် ၇၅၀၀ ပဲရတယ်လို့ ခေါင်းပုံဖြတ်ခံရတဲ့ အခြေအနေကို ဧရာဝတီက ဖော်ထုတ်ထားပါတယ်။

ဒီလိုမျိုး နေရာသတ်မှတ် ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာခန်းများစွာအပြင် ‘အညာဒူဘိုင်း’ မှာ မာဆတ်နဲ့ KTV ဆိုင် ၁၅ ဆိုင်ခန့်ရှိပြီး ဒီဆိုင်အများစုကို ကျေးရွာအတွင်း ဖွင့်လှစ်ထားသလို ဒီဆိုင်တွေကိုတော့ မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ဗိုလ်သံတုတ်၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ဗိုလ်လက်ျာရဲ့ လက်ရုံးတပည့်တွေနဲ့ ရပ်ကျေး ပအဖ၊ ပကဖ တာဝန်ခံတွေက ဦးဆောင် ဖွင့်လှစ်နေပြီး ဒီလို ပြည့်တန်ဆာခန်းဖွင့် ငွေရှာနေတဲ့ PDF တွေ လုပ်ရပ်အပေါ် NUG က မေးရာမှာတော့ ပြန်မဖြေဘူးလို့လည်း ဧရာဝတီက ဖော်ထုတ်ထားပါတယ်။
Ref, The Irrawaddy