
၂၃.၂.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ၏ ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ပြည်နယ်များသို့ ခရီးစဉ်မတိုင်ခင်တွင် ထိုပြည်နယ်များ၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နာရာသီဝပ်ပြည်နယ်၊ မောင်းခရိုင်ရှိ နာရာသီဝပ်လေဆိပ်မှ လေကြောင်းထိန်းသိမ်းရေးတာဝါအနီး ရပ်ထားသော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပစ်ကပ်ထရပ်ကားမှာ သက်ဆင်နှင့်အဖွဲ့ကို တင်ဆောင်လာ သော လေယာဉ်မဆင်းသက်မီတစ်နာရီခန့်အလို ဖေဖော်ဝါရီလ ၂၃ ရက်၊ နံနက် ၈ နာရီ မိနစ် ၅၀ ၌ ကားပေါ်မှ ဗုံးကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးကွဲမှုကြောင့် လေဆိပ်လုံခြုံရေးလေးဦးဒဏ်ရာများရခဲ့ပြီး တာဝန်ရှိသူများက သက်ဆင်၏ လေယာဉ် မဆင်းသက်မီ လေဆိပ်မှ သံသယရှိဖွယ်ကားအားလုံးကို ဖယ်ရှားခဲ့သည်။
သက်ဆင်က ဒုတိယဝန်ကြီးချုပ် ဖွမ်သမ် ဝီချာရာချိုင်းနှင့် တရားရေးဝန်ကြီး တာဝီ ဆော့ဒ်ဆွန် တို့နှင့် အတူ နာရာသီဝပ်လေဆိပ်သို့ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းက ဆယ်စုနှစ်နှစ်ခုအတွင်း ထိုင်းနိုင်ငံတောင်ပိုင်းသို့ သက်ဆင်၏ပထမဆုံးအလည်ခရီးလည်းဖြစ်သည်။ သက်ဆင်က ၎င်းအားနွေးထွေးစွာ ကြိုဆိုမှုပြုခဲ့ကြကြောင်း ပြောခဲ့သည်။
ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းကလည်း ရာလ ပြည်နယ်၊ ဘန်နန်း ဆာနာရီတာ ခရိုင်ရှိ ကုန်တိုက်ကြီး တစ်ခုရှေ့တွင် ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အရပ်သားတစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်ခုနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုက ဘန်နန်း ဆာတာခရိုင်၊ အဝေးပြေးလမ်းမကြီး အမှတ် (၁၀) ပေါ်ရှိ Mini BigC ကုန်တိုက်ကြီးရှေ့တွင် ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦး နယ်မြေအတွင်း ကင်းလှည့်နေစဉ် ည ၈ နာရီ မိနစ် ၂၀ တွင် ဖြစ်ပွားခဲ့ခြင်းဟုသိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသော အရပ်သားမှာ တူအန် အီဘရာဝှင် နီမီ အမည်ရှိသူဟု သိရပြီး အခြားအရပ်သားပြည်သူလေးဦးလည်း ဒဏ်ရာရခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။ ဗုံးပေါက်ကွဲသည့်နေရာကို ရှင်းလင်းမှုများပြုလုပ်နေစဉ်နှင့် သဲလွန်စအထောက်အထားများရှာဖွေစုဆောင်းနေစဉ်တွင် ထိုနေရာကို ပိတ်ဆို့ထားကြောင်း သိရသည်။
ဗုံးကျွမ်းကျင်သူများက ဗုံးကို မီးငြှိမ်းသတ်ဘူးတစ်ခုအတွင်း သံမဏိ ဗုံးဆံအစအနများနှင့်အတူ ထည့် ထားခဲ့ခြင်းဖြစ်သည်ကို တွေ့ကြရသည်။ ဗုံးပေါက်ကွဲမှုကြောင့် ကားအများအပြားလည်းထိခိုက်ပျက်စီးခဲ့ရသည်။
သက်ဆင်က ၎င်း၏ခရီးစဉ်အတွင်း နာရာသီဝပ်၊ ပတ်တနီနှင့် ရာလပြည်နယ်များသို့ သွားရောက်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
Ref- Bangkok Post