၁၆. ၁. ၂၀၂၃
Written by Phyo Wei
ရွေးကောက်ပွဲအတွက် အိမ်ထောင်စု လူဦးရေစာရင်းတွေ စတင်ကောက်ခံချိန်မှာပဲ နိုင်ငံ့ဝန်ထမ်းတွေ အသက်ပေးသွားရပြီဖြစ်သလို ဖမ်းဆီးခံရတာတွေ နေရာအနှံ့ ဗုံးခွဲခံရတာတွေနဲ့ စိတ်မကောင်းစရာအခြေအနေကို စတင်ကြုံလာနေရပြီဖြစ်ပြီး ဒီလိုမျိုးအဖြစ်ဆိုးတွေကို ၂၀၂၃ တစ်နှစ်လုံး ရင်ဆိုင်ရဦးမဲ့အခြေအနေမှာ လက်နက်မဲ့ပြည်သူတွေနဲ့ တာဝန်အရလုပ်ရတဲ့ နိုင်ငံ့ဝန်ထမ်းတွေအတွက်တော့ သရဏဂုံတင်နေကြရုံကလွဲပြီး ဘာမှတတ်နိုင်တဲ့အခြေအနေမရှိပါဘူး။
တစ်ဖက်မှာဆိုရင်လည်း အာဆီယံဥက္ကဋ္ဌအင်ဒိုနီးရှားဟာ မြန်မာနိုင်ငံကို ဖိအားပေးဖို့အတွက်ပြင်ဆင်နေသလို သူတို့နိုင်ငံက မီဒီယာတွေဟာလည်း မြန်မာနိုင်ငံကို အာဆီယံကနေ ဆိုင်းငံ့ဖို့အထိပါ နိမိတ်ပြအရေးအသားတွေ တွေ့နေရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အရင်လိုကာကွယ်ပေးနေတာမရှိဘူးဆိုတဲ့ နှပ်ကြောင်းပေးရေးသားမှုတွေကလည်း ပြည့်နှက်နေတဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ပေါက်ကွဲစေတဲ့လက်နက်နဲ့ တိုက်ခိုက်မှု အဆပေါင်း ၄၃၀ မြင့်တက်ခဲ့တဲ့ ၂၀၂၂ ခုနှစ်အကြောင်း၊ SAC ရဲ့ အကြမ်းဖက်သတ်မှတ်ထားတဲ့အဖွဲ့တွေနဲ့ မဆက်ဆံဖို့ အာဆီယံကို မြန်မာနိုင်ငံက သတိပေးမှုနဲ့ တပ်မတော်အတွက် စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ဖို့ ကူညီပေးနေတဲ့ အမေရိကန်ရဲ့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက် လုပ်ရပ်တွေအကြောင်းကို ဖော်ပြချင်ပါတယ်။
“ပေါက်ကွဲစေတဲ့လက်နက်နဲ့ တိုက်ခိုက်မှု အဆပေါင်း ၄၃၀ မြင့်တက်ခဲ့တဲ့ ၂၀၂၂”
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့မှာ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ကျင်းပနေချိန်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ဒေသခံတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
SAC ရဲ့ အုပ်ချုပ်မှုကို မကြိုက်လို့ နိုင်ငံ့ဝန်ထမ်းတွေ၊ တခြားပါတီဝင်တွေ၊ သံဃာတွေကို ဒီလိုမျိုးအကြောင်းအမျိုးမျိုးနဲ့ သူလျှို၊ ဒလတ်သတ်မှတ်ပြီး ပြည်သူတွေစည်ကားရာ ပျော်ပွဲရွှင်ပွဲတွေ၊ ဘုရားပွဲတွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ အကြိမ်ပေါင်း ၅၅၁ ကြိမ်ရှိခဲ့ပြီး အရပ်သား ၅၅၃ ဦးသေဆုံးခဲ့တယ်လို့ AOAV(Action on Armed Violence) က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ဖောက်ခွဲမှုနဲ့ တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၁၀၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၅၅၁ ကြိမ်ဖြစ်ပွားခဲ့တာကြောင့် တိုက်ခိုက်မှုရာခိုင်နှုန်းဟာ အဆပေါင်း ၄၃၀ အထိ မြင့်တက်လာခဲ့ပါတယ်။
စိတ်မကောင်းစရာတစ်ခုကတော့ ဒီလိုမျိုး EAOs တွေနဲ့ NUG, PDF တွေ တိုက်ခိုက်လို့ ကြားကအချောင်သေတဲ့အပြစ်မဲ့ပြည်သူတွေ သေဆုံးမှုကိုတော့ ဘယ်သူကမှ အရေးတယူလုပ်တာ မတွေ့ရတာပါ။ အသက်ပေါင်း ၅၅၃ ချောင်းအနောက်မှာ ဘ၀ပေါင်း ၅၅၃ ခုမက ပျက်သွားနိုင်ပေမဲ့ လက်ရှိအချိန်မှာတော့ မှားယွင်းပစ်ခတ်သတ်ဖြတ်ခံရတဲ့အပြစ်မဲ့ပြည်သူတွေဟာ စိတ်မကောင်းပါဘူး။ စစ်ဆေးပါ့မယ်ဆိုတဲ့ ၀တ္တရားကျေထုတ်ပြန်ချက်အောက်မှာ အမေ့လျော့ခံဖြစ်သွားနေရတာတွေ ပိုများလာဦးမယ့်အခြေအနေဟာလည်း ကြားထဲက ပြည်သူတွေအတွက်တော့ ရင်စည်းခံဖို့ပဲ ရှိတဲ့အခြေအနေပါ။
“SAC က အကြမ်းဖက်သတ်မှတ်ထားတဲ့အဖွဲ့တွေကို မဆက်ဆံဖို့ သတိပေးမှု”
မြန်မာအစိုးရက မတရားအသင်းကြေညာထားတဲ့ အဖွဲ့တွေ၊ အကြမ်းဖက်အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံမှုမပြုဖို့ SAC က အာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှားနဲ့ အာဆီယံနိုင်ငံတွေကို သတိပေးလာပါတယ်။ အာဆီယံမှာဆိုရင် တရုတ်၊ ရုရှားဘက်ယိမ်းတဲ့ အုပ်စုနဲ့ အမေရိကန်အပါအဝင် အနောက်အုပ်စုတွေဘက်ကို ယိမ်းတဲ့အုပ်စုဆိုပြီး နှစ်စုကွဲနေသလို မြန်မာနိုင်ငံကို ဖိအားပေးဖို့ အခွင့်အရေးကို ချောင်းမြောင်းနေတဲ့ အင်ဒိုနီးရှားဟာ SAC နဲ့ ထိတွေ့ဆွေးနွေးနေတဲ့ အိန္ဒိယအပါအဝင် တခြားနိုင်ငံတွေကို အပြစ်တင်နေပြီး မြန်မာနိုင်ငံကို အာဆီယံကနေ ဖယ်ထုတ်ဖို့ ကြိုးစားမဲ့ အမေရိကန်ယိမ်း၊ ဘင်္ဂါလီအရေးမှာ ဘာသာတူရာဘက်ကို တိမ်းမဲ့နိုင်ငံပါ။
ဒါပေမဲ့ အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌအဖြစ် အာဆီယံနိုင်ငံတွေနဲ့ အစည်းအဝေးလုပ်မဲ့အချိန်ကတော့ မြန်မာနိုင်ငံမှာ ယာယီသမ္မတဦးမြင့်ဆွေဦးဆောင်တဲ့ ကာလုံအစိုးရအဖွဲ့ တာဝန်ယူထားပြီး ရွေးကောက်ပွဲကျင်းပပေးဖို့ လုပ်ဆောင်မဲ့အချိန်ဖြစ်နေတာကြောင့် အင်ဒိုနီးရှားရဲ့ ဖိအားပေးမှုဟာ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ၂၀၂၃ ရွေးကောက်ပွဲ ဖြစ်မြောက်စေချင်သလား၊ မဖြစ်မြောက်စေချင်ဘူးလားဆိုတဲ့ Hidden Agenda အပေါ်မှာ မူတည်သွားမဲ့အခြေအနေပါ။
“မီးစတစ်ဖက်ရေမှုတ်တစ်ဖက် အမေရိကန်”
EAOs တွေ၊ NUG နဲ့ PDF တွေကို နည်းပညာနဲ့ စစ်ရေးနဲ့မဆိုင်တဲ့ ထောက်ပံ့ကူညီမှု ဒေါ်လာသန်းရာချီပေးမယ်ဆိုတဲ့ အမေရိကန်ဟာ တပ်မတော်ကို လက်နက်ထုတ်ဖို့အတွက်တော့ သူ့ကုမ္ပဏီကြီးတွေကနေ တစ်ဖက်လှည့်နဲ့ ထောက်ပံ့နေတယ်လို့ ကုလသမဂ္ဂသံတမန်ဟောင်းတွေဖြစ်တဲ့ ရန်ဟီးလီ၊ ခရစ်ဆီဒေါ့တီနှင့် မာဇူကီ ဒါရူစ်မန်တို့ ဦးဆောင်ဖွဲစည်းထားတဲ့ မြန်မာ့အရေးအထူးအကြံပေးကောင်စီအဖွဲ့(Special Advisory Council on Myanmar SAC-M) က ထုတ်ပြန်လာပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း ရန်ဟီးလီတို့ရဲ့ SAC-M စစ်တမ်းမှာ ဖော်ထုတ်ချက်အရဆိုရင် တပ်မတော်ကို လက်နက်တွေ ထုတ်လုပ်နိုင်ဖို့ အကူအညီပေးနေတဲ့နိုင်ငံတွေမှာ အမေရိကန်၊ ပြင်သစ်၊ အိန္ဒိယ၊ ဂျပန် စတဲ့နိုင်ငံတွေ ပါတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီနေရာမှာ တွေးစရာဖြစ်လာတာက အမေရိကန်ပါ။ ရွေးကောက်ပွဲဖျက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ NUG ကို ပံ့ပိုးပေးနေသလို တစ်ဖက်မှာလည်း တပ်မတော်ရဲ့ လက်နက်ထုတ်လုပ်မှုကို ပံ့ပိုးနေတယ်ဆိုတဲ့အချက်တွေ၊ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာပြည်တွင်းမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆက်လက်လည်ပတ်နေတာတွေ၊ သံအဆင့်လျှော့ချပေမဲ့ မြန်မာအစိုးရက အမေရိကန်ရဲ့ NDAA 2023 အတွက် သံတမန်စာပို့ခဲ့သလို မြန်မာ MOFA ညွှန်ကြားရေးမှူးချုပ်က အမေရိကန်သံရုံးအကြီးအကဲကို ခေါ်ဆူတာတွေကို မတုံ့ပြန်ခဲ့တဲ့ အခြေအနေတွေဟာ အမေရိကန်ရဲ့ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ဗျုဟာတွေကို မြင်သာစေခဲ့ပါတယ်။ တစ်ဖက်မှာလည်း အဓိက အကျဆုံးအဖြစ် သူ့နိုင်ငံသားတွေ ပြန်ခေါ်တာမျိုး၊ သူတို့စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လည်ပတ်စေတာမျိုးကို ချိန်ဆရမယ်ဆိုရင်တော့ အမေရိကန်ရဲ့ အဓိကရပ်တည်ချက်ဟာ SAC ရဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်လို့ပဲ ယူဆရမှာဖြစ်သလို မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လုပ်နေတာကတော့ ယာလည်း ညက်၊ ကြက်လည်းပန်း၊ မြန်မာနိုင်ငံလည်း ထောင်းလမောင်းကြေစေချင်တဲ့ စေတနာဆိုးနဲ့ လုပ်နေတာလားလို့ တွေးထင်ရပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အမြင်ကို ရပ်နားလိုက်ပါတယ်။