
၂၃. ၂. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Maxim RESHETNIKOV ဦးဆောင်သည့်အဖွဲ့ဝင်များက ယမန်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ကောင်းမွန်သည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိပြီး စီးပွားရေးဆိုင်ရာများတွင် နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၌ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားလိုအပ်သည့်အချိန်တိုင်း၌ အကူအညီများပေးအပ်ခဲ့မှု အခြေအနေများကို ဆွေးနွေးခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းများချမှတ်ဆောင်ရွက်ရာ၌ ကျွမ်းကျင်လုပ်သားများရရှိရေး၊ အခြေခံလိုအပ်ချက်များ ပြည့်စုံမှုရှိစေရေးတို့ အပါအဝင် ရေရှည်အကျိုးကိုကြည့်၍ သုတေသနပြု စနစ်တကျတွက်ချက် ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ ရေနံနှင့် ဓာတုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးတို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားရန်အသင့်ရှိသည့် အခြေအနေများ၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စီးပွားရေးနယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။