
၂၂. ၂. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ယမန်နေ့တွင် ဒေါ်လာသန်း ၂၀ ထပ်မံထုတ်ရောင်းပေးခဲ့၍ ယခုဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၁၀၉ သန်းကျော်အထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်အနေဖြင့် ယခုထပ်မံရောင်းပေးသည့် ဒေါ်လာသန်း ၂၀ နှင့် စက်သုံးဆီလုပ်ငန်းရှင်များအား သီးသန့်ထုတ်ရောင်းပေးမှုအပါအဝင် ဖေဖော်ဝါရီလ ၃ ရက်မှ ၂၁ ရက်အထိ ဒေါ်လာ ၁၀၉ သန်းကျော် ထုတ်ရောင်းထားသည်။ အဆိုပါကာလအတွင်း ထိုင်းဘတ် ၇ ဒသမ ၂၉ သန်းကျော်နှင့် တရုတ်ယွမ် ၆ ဒသမ ၂ သန်းကျော် ထုတ်ရောင်းပေးထားသည်။
ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်း သီးသန့်ထုတ်ရောင်းပေးမှုအပါအဝင် စုစုပေါင်းဒေါ်လာ ၁၇၃ သန်းကျော်၊ ထိုင်းဘတ် ၁၄ သန်းနီးပါးနှင့် တရုတ်ယွမ် ၁၅ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ယနေ့တွင် တစ်ဒေါ်လာ ၄,၄၈၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၂ ကျပ်၊ တရုတ်ယွမ် တစ်ယွမ် ၆၁၂ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ယခုဖေဖော်ဝါရီလဆန်းပိုင်းထက် ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့သလို နိုင်ငံခြားငွေဈေးနှုန်း ပြန်လည်တည်ငြိမ်လာခဲ့သည်။