




၂၂.၂.၂၀၂၅
Written By Thandar
အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရည် အသက် ၇၅ နှစ်ရဲ့ ဈာပနအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၂ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။
အနုပညာလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရည်ရဲ့ ဈာပနအခမ်းအနားကို မိတ်ဆွေတွေ ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော် ချိုပြုံး၊ ခိုင်ဝါ၊ ကြည်သာပွဲကြိုက်ခင်၊ ဖိုးသောကြာ၊ အိအိချွန်နဲ့အတူ အနုပညာရှင်များစွာက လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပါတယ်။
မြန်မာသံ ဂီတလောကရဲ့ ဂန္တဝင်အဆိုတော်ကြီးဖြစ်တဲ့ ခင်ညွန့်ရည် အသက် ၇၅ နှစ်က ဖေဖော်ဝါရီ ၂၀ ရက် ည ၁၁ နာရီ ၅ မိနစ်က အဆုတ်ကင်ဆာရောဂါနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာပါ။ သူဟာ ကာလရှည် ကြာ ကင်ဆာရောဂါဝေဒနာကို ခံစားနေရသူဖြစ်ပြီး ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာနမှာ ဆေးဝါးကုသမှု ခံယူရင်းဆုံးပါးခဲ့တာပါ။
မြန်မာသံစဉ် ကက်ဆက်ခွေပေါင်း ၁၀၀ ကျော်ထိထွက်ရှိခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး ဆောင်းအမီ၊ လက်ပံပွင့်ကောက် အရောက်လာမယ် ၊ နှင်းဆီမလေး ချစ်ပုံပြင်၊ ပန်းနဲ့ပေါက်တာလည်း နာချင်တယ်၊ မိုးတစိမ့်စိမ့်၊ ချစ်ရသည်က အသက်ထက်ဆုံး သီချင်းတွေက ပရိသတ်တွေကြား လူကြိုက်များ ကျော်ကြားတာလည်းဖြစ်ပါတယ်။





ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရည် ကွယ်လွန်သွားတဲ့ အပေါ် အနုပညာလောကမှ အနုပညာရှင်တွေနဲ့ ပရိသတ်တွေကလည်း ဝမ်းနည်းလျက် ရှိကြပါတယ်။
အဆိုတော် ခင်ညွန့်ရည်သည် ချစ်အဘိဓာန်၊ ဟင်္သာတထွန်းရင်နဲ့အတူ သီဆိုထားတဲ့ တပင်တိုင်အလွမ်းသမား၊ ပန်းပန်လျက်ပါ၊ ပန်းဆယ်ပွင့် ဒုတိယတွဲ၊ ဇာတိမာန်၊ ပန်းသပြေ၊ နှင်းကို ပြန်လွှတ်လိုက်ပါ၊ ကျွန်မအနုပညာသည်၊ မိုးမနိုင်မျက်ဝန်း၊ စောင်းအိုလုလင်၊ ပန်းစကား၊ ပန်းတစ်ဆယ့်နှစ်မျိုး၊ မေတ္တာမွန်ဖြင့် အောင်နိုင်သူ၊ အဓိပတိလမ်းမှာ မိုးတွေရွာစတဲ့ တေးသီချင်းခွေတွေကိုလည်း ထွက်ရှိထားတာပါ။