
၂၂.၂.၂၀၂၅
Written By Zun
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီး၊ မဟာနွယ်စဉ်ရပ်ကွက်၊ အကွက် (၆၈၉) ကမ္ဘောဇဘဏ် (၃၇) ကို တစ်ကိုယ်တော်ဓားပြတိုက်သူအား ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်က ဖမ်းမိပြီဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဓားပြတိုက်ရန်လာရောက်သူအမျိုးသားမှာ နံပါတ်မပါသည့် စူပါကပ်ဆိုင်ကယ်ကိုစီး၍ မျက်နှာတွင် Mask တပ် ထားကာ အင်္ကျီက ဂျင်းအပြာရင့်လက်ရှည်၊ ဂျင်းဘောင်းဘီအပြာဖျော့ ဝတ်ဆင်ထားခဲ့ကြောင်း၊ ဘဏ်အ တွင်းဝင်ရောက်၍ သေနတ်ပြ ခြိမ်းခြောက်ပြီး ဘဏ်ငွေလက်ခံဌာနက ငွေများကို ပီနံအိတ်ဖြင့် ထုပ်ခိုင်းပြီး လုံခြုံရေးကိုသယ်ခိုင်းကာ ဆိုင်ကယ်ခွကြားညှပ်လျက် ထွက်ခွာသွားသည်ကို CCTV မှတ်တမ်းများတွင် တွေ့မြင်ရကြောင်း MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။





ယင်း တစ်ကိုယ်တော် ဓားပြက ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် ဓားပြတိုက်ခဲ့ခြင်းဖြစ်ပြီး ၂၄ နာရီ မပြည့်မီ ရဲတပ်ဖွဲ့က အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကမ္ဘောဇဘဏ် (၃၇)ကို တစ်ကိုယ်တော်ဓားပြတိုက်သွားသူမှာ အသက် (၅၄)နှစ်အရွယ် သိန်းဇော်ဦး ဆိုသူ ဖြစ်ပြီး ယင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၉ နာရီခန့်အချိန်တွင် ပြည်ကြီးတံခွန်မြို့ နယ်၊(ဂ)ရပ်ကွက်၊၁၂၀ လမ်း၊ ၆၈(B) လမ်းနှင့် ၆၈(C)လမ်းကြားရှိနေအိမ်တစ်အိမ်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လုံခြုံရေးအဖွဲ့က ယင်းတစ်ကိုယ်တော်ဓားပြအား ဘဏ်မှ ယူဆောင်သွားသည့် ငွေကျပ် ၁၀၉၈ သိန်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သောသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။





“လက်ရှိကတော့ ဓားပြတိုက်သူကို ဖမ်းမိပြီ။ သူ့အနေနဲ့ အရင်က ဘယ်လို ကျုးလွန်ခဲ့တဲ့အမှုတွေရှိသေးလဲ ဆိုတာတွေကို ဆက်လက်စစ်ဆေးနေကြပါတယ်”ဟု လုံခြုံရေးနှင့်နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်ကလည်း အဆိုပါ ကမ္ဘောဇဘဏ် (၃၇) ကို အမရပူရ PDF အဖွဲ့ဝင် အမျိုးသားတစ်ဦးက လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်ရန် ကြိုးပမ်းစဉ် ဘဏ်လုံခြုံရေးအဖွဲ့၊ မန်နေဂျာ၊အများပြည်သူ ဝိုင်းဝန်းဖမ်းဆီးခဲ့သောကြောင့် ဘဏ်မန်နေဂျာ၏ လက်မောင်းကို သေနတ်ကျည်ဖောက်ဝင် ဒဏ်ရာရခဲ့ကာ ကျူးလွန်သူကိုလည်း ဖမ်းမိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။