၁၆. ၁. ၂၀၂၃
Written by Nyein Kyaw
ပြီးခဲ့သည့်ရက်ပိုင်းတွင် အကြီးအကျယ်မီးလောင်ခဲ့သည့် Grand Royal မှော်ဘီအရက်ချက်စက်ရုံကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လုပ်ငန်းများ ပြန်လည်ပတ်နိုင်မည်ဖြစ်ကြောင်း Grand Royal Group International (GRGI) ၏ စီအီးအို ရာဟူးလ်ဂျွန်ကိုလာကိုလ်က ပြောသည်။
“ကျွန်တော်တို့အနေနဲ့ မီးလောင်မှုဖြစ်စဉ်အတွင်း ဝိုင်းဝန်းကူညီ ပေးခဲ့ကြတဲ့ သူများအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ GRGI က စီမံအုပ်ချုပ်မှုအဖွဲ့ဟာ လိုအပ်တဲ့ လုပ်ဆောင်မှုများကို လုပ်ဆောင်နေပြီ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးထားပြီး အရက်ချက်လုပ်ခြင်းနဲ့ ပုလင်းသွတ်လုပ်ငန်းများ ပြန်လည် စတင်နိုင်မယ်လို ခန့်မှန်းပါတယ်။ မန္တလေး စက်ရုံကတော့ အရင်အတိုင်း လည်ပတ်ဆဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စျေးကွက်ထဲမှာ ပစ္စည်းပြတ်လတ်မှု မရှိစေရအောင် ကုန်ပစ္စည်းဖြန့်ဖြူးသူတွေနဲ့ စနစ်တကျ လုံလောက်တဲ့ ကုန်ပစ္စည်းတွေထားရှိပြီး ဖြစ်ပါတယ်” ဟု ရာဟူးလ်ဂျွန်ကိုလာကိုလ်က ဆိုသည်။
Thai Beverage Public Company Limited က ၇၅% ပိုင်ဆိုင်သော မြန်မာနိုင်ငံရှိ အဖျော်ယမကာလုပ်ငန်းစုဖြစ်သည့် Grand Royal Group International Co., Ltd. (GRGI) ရန်ကုန်၊ မှော်ဘီစက်ရုံ၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အရက်သိုလှောင်သိမ်းဆည်းရာနေရာတွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး၊ သိုလှောင်ထားသည့် ၉၆ ရာခိုင်နှုန်း အရက်ဆီများ၊ အရက်ဖျော်စပ်ရာတွင် အသုံးပြုသော Tank ကြီးများ ထိခိုက်ဆုံးရှုံးပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။ သို့သော် ပင်မ အရက်ချက်စက်ရုံ၊ ပုလင်းသွင်းစက်ရုံနှင့် နှစ်ချို့အရက်စည်များ အခြမ်းသို့ မီးကူးစက်လောင် ကျွမ်းခြင်း မရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မီးလောင်မှုဖြစ်ပွားစေသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး၊ ယခု သိရှိရသည့် အထောက်အထားများအရ မတော်တဆ မီးလောင်ကျွမ်းမှု ဖြစ်သည်ဟု ယူဆရသည်။ ကုမ္ပဏီအနေနှင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် မီးလောင်မှု ဖြစ်စဉ်အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ သက်ဆိုင်ရာ အာမခံကုမ္ပဏီများနှင့်လည်း သင့်တော်သော ဆုံးရှုံးမှု ပမာဏအတွက် ဆွေးနွေးနေသည်။
ရဲစွမ်းသတ္တိရှိရှိနှင့် စွမ်းစွမ်းတမံ မီးငြိမ်းသတ်ပေးခဲ့ကြသော မြန်မာနိုင်ငံ မီးသတ်ဌာနက မီးသတ်သူရဲကောင်းများ၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များနှင့်အတူ ဝိုင်းဝန်းကူညီပေးခဲ့ကြသော စေတနာ့ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများက အတူတကွ မီးငြိမ်းသတ်ပြီးနောက်၊ ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက်အစောပိုင်းတွင် အောင်မြင်စွာ မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။ ဖြစ်စဉ်တွင် မီးသတ်သူရဲကောင်းများနှင့်၊ စေတနာ့ ဝန်ထမ်း စုစုပေါင်း (၁၉) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ ၄င်းတိုမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိနေပါသည်။ ၄င်းတိုအနက် (၁၇) ဦးမှာ ဆေးရုံက ဆင်းနိုင်ခဲ့ပြီး၊ ကျန် (၂)ဦးမှာ စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း ဖော်ပြထားသည်။
Grand Royal အရက်ချက်စက်ရုံ ခြောက်နာရီခန့်ကြာ မီးလောင်ပြီး ဇန်နဝါရီ ၁၄ ရက် နံနက်တွင်မှ အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့သည့် ထိုဖြစ်စဥ်တွင် စက်ရုံရှိ RF 96% အရက်ဆီဂါလန် (၅၀,၀၀၀)ဆံ့ Tank (၃)လုံး၊ RF 50% အရက်ဆီလီဘာ (၂၀,၀၀၀)ဆံ့ Tank (၆)လုံးနှင့် ဂိုဒေါင်(၃)လုံးတို့ မီးလောင်ကျွမ်းလျက်ရှိပြီး မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်စဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် မီးငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း ၁၉ ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုသူများကိုလည်း GRGI က ငွေကြေးထောက်ပံ့မှုပြုခဲ့ကြောင်း သိရသည်။